အိမ်အကူတွေကို နှိပ်စက်ခဲ့သူတွေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ
2017.12.15

အိမ်အကူ မိန်းကလေး ၂ ယောက်ကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၆ယောက်ထဲ က ၄ ယောက်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီး ၂ ယောက်ကိုတော့ အပြီးအပြတ် ပြန်လွှတ်ပေးလိုက်ပါတယ်။
လူကုန်ကူးမှု၊ အပြင်းအထန်နာကျင်စေမှု၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံရတာဖြစ်တယ်လို့ တရားခံတွေရဲ့ ရှေ့နေဖြစ်တဲ့ အထက်တန်းရှေ့နေ ဒေါ်နှင်းစုအောင် က ပြောပါတယ်။
ဒေါ်တင်သူဇာနဲ့ စုမွန်လတ်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၁၀) နှစ်၊ တင်မင်းလတ်နဲ့ ရာဇာထွန်းကိုကျတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးမှာ အားပေးကူညီတယ်ဆိုပြီး (၇) နှစ်၊ သီရိလတ်နဲ့ ဦးကိုလတ်ကိုကျတော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအရ ၂၄ ၂၉ ၃၂ နဲ့ စွဲချက်တင်တယ်။ ဒါပေမဲ့ အပြစ်မရှိဘူးလို့ တရားရုံးက သတ်မှတ်ပြီးတော့ ဒီကနေ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးက အပြီးလွှတ်လိုက် တယ်ပေါ့နော်။ ပြီးတော့ ၆၆(ဃ) ကလေးသူငယ်အမှုကကျတော့ လူမှုဝန်ထမ်း ဒေါ်အေးနော်ဝင်းက တရားလို လုပ်ပြီးတော့ ဒေါ်တင်သူဇာရယ်၊ စုမွန်လတ်ရယ်၊ ရာဇာထွန်းရယ်၊ တင်မင်းလတ်ရယ်၊ လေးယောက်ကိုစွဲတဲ့ အမှုမှာ သူတို့အားလုံးကို လေးယောက်လုံးကို တစ်ယောက်ကို တစ်နှစ်စီ ကျခံဖို့အတွက် အမိန့်ချတယ်။ ပြီးတော့ ၃၂၅၊ ၃၄၄ နာကျင်စေမှုမှာကျတော့ ဒေါ်တင်သူဇာရယ်၊ စုမွန်လတ်ရယ်၊ ရာဇာထွန်းရယ်ကို ၃၂၅ နဲ့ အလုပ်နဲ့ ထောင်ဒဏ် (၅) နှစ်၊ ဦးတင်မင်းလတ်ကိုကျတော့ ၃၂၃ နဲ့ချတယ်။ ၃၂၃ သာမန်နာကျင်စေမှုနဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်ချတယ်။ ဦးကိုလတ်နဲ့ သီရိလတ်ကိုကျတော့ နာကျင်စေမှုမှာ သူတို့က အားပေးကူညီတယ်လို့ စွဲချက်တင်ထားခဲ့ပေမယ့် အားပေးကူညီတယ်ဆိုတာနဲ့ မငြိစွန်းတဲ့အတွက် နာကျင်စေမှုနဲ့ အမိန့်ချတဲ့နေရာမှာ အပြီးလွှတ်လိုက်တယ်။ အိမ်ထဲမှာ ပိတ်လှောင်ထားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်တင်သူဇာရယ်၊ စုမွန်လတ်ရယ်၊ ရာဇာထွန်းရယ်၊ တင်မင်းလတ်ရယ် လေးယောက်ကိုတော့ တစ်လ"
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်ဖော်အဖြစ် လုပ်ကိုင်ခဲ့တဲ့ မစန်းကေခိုင် နဲ့ မသဇင်တို့ကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုပြီး ပိုင်ရှင်မိသားစုဝင်တွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဌာနက တရားလိုပြုလုပ်ပြီး ၂၀၁၆ ခုနှစ် ကစတင်ကာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
တရားစွဲဆိုခံထားရသူတွေထဲက ဒေါ်တင်သူဇာနဲ့ ဒေါ်စုမွန်လတ်တို့ကို ထောင်ဒဏ် ၁၆ နှစ်နဲ့ ၁ လစီ၊ ဦးရာဇာထွန်း ကို ၁၃ နှစ် ၁ လနဲ့ ဦးတင်မင်းလတ် ကို ထောင်ဒဏ် ၉ နှစ် ၁ လ ချမှတ်ခဲ့တာဖြစ်ပြီး ဒေါ်သီရိလတ်နဲ့ ဦးကိုလတ် တို့ကိုတော့ အပြီးအပြတ် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ချမှတ်ခံရတဲ့ ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး အယူခံဆက်ဝင်သွားမယ်လို့လည်း ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။