လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို နှုတ်ထွက်ခွင့်ပြု


2016.10.06
mnhrc-members-620.jpg အိမ်အကူကလေး နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြ၊ ဦးဇော်ဝင်းနဲ့ ဒေါက်တာဉာဏ်ဇော် တို့ကို စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတက ဒီကနေ့ အမိန့်ထုတ်ပြန်ုလိုက်ပါတယ်။

လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့နဲ့ ဒေါ်မြမြ တို့ ၄ ဦးကို နှုတ်ထွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အင်းဝအုပ်ချုပ်ဆိုင်က အိမ်အကူ မိန်းကလေး ၂ ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အကာအကွယ်မပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးဖို့ တိုက်တွန်းခဲ့တာပါ။

အဲဒီအဆိုကို ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်က အတည်ပြုခဲ့တာပါ။

ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ အတွက် လက်မှတ်တွေကောက်ခံပြီး နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်တွေက အိမ်အကူ မိန်းကလေး ၂ ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ကိစ္စမှာ နစ်နာကြေးအနေနဲ့ ၂ ယောက်ပေါင်း ငွေကျပ်သိန်း ၅၀ နဲ့ ကျေအေးပေးဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

အိမ်အကူမိန်းကလေး ၂ ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစု ၆ ဦးလုံး ကို ကျောက်တံတားမြို့နယ် ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၉/၂၄/၃၂၊ (ပ) ၂၀၁/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၅/၃၄၄/၁၁၄ နဲ့ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆(ဃ)တို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။