အင်းဝ အုပ်ချုပ်ဆိုင်အမှုကို ရက်ရွှေ့
2016.10.06

အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို ဒီကနေ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အင်းဝ အပ်ချုပ်ဆိုင်ဖက်က ရှေ့နေမစုံတာကြောင့် အမှုကို မစစ်ဆေးဘဲ လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။
အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်ဆွေဆွေလှိုင် က လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ ရုံးချိန်းမှာ ရှေ့နေ မစုံရင်လည်း အမှုကို စတင်စစ်ဆေးတော့မယ်လို့ တရားခွင်မှာ ပြောကြားလိုက်ပါတယ်။
ကျူးလွန်ခဲ့သူ ၆ ဦးစလုံးကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေထဲမှာ လူကုန်ကူးမှု ပုဒ်မ ၂၉ ပါနေတာကြောင့် စွပ်စွဲခံရသူတွေဘက်က ရှေ့နေမစုံရင် အမှုကို စစ်ဆေးလို့မရကြောင်း ဒေါ်ဆွေဆွေလှိုင် က ပြောပါတယ်။
အင်းဝအပ်ချုပ်ဆိုင်က ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်းနဲ့ မသီရိလတ် တို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆(ဃ)တို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီကနေ့ တရားရုံးမှာ ၃ ဦးအတွက် ရှေ့နေ ၂ ဦးသာ ရောက်ရှိခဲ့ပြီး ကျန် ၃ ဦးအတွက် ရှေ့နေတွေ မရောက်ရှိ ခဲ့တာဖြစ်ပါတယ်။