ပလိပ်မြို့ ပန်ဒါ စက်ရုံအလုပ်သမားတွေ ဆန္ဒပြ


2016.06.03
panda-textile-620.jpg မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါ ချည်မျှင်အထည်စက်ရုံ အလုပ်သမားတွေ ဇွန်လ ၃ ရက်နေ့က ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ တစ်ပတ်ကို အလုပ်ပိတ်ရက် ၂ ရက် မသတ်မှတ်ပေးတဲ့အတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ဖောက်ဖျက်နေ တယ်ဆိုပြီး အလုပ်သမား ၃၀၀ ကျော်က ဒီနေ့ဆန္ဒပြကြပါတယ်။

စက်ရုံအလုပ်သမားတွေက စာချုပ်ဖောက်ဖျက်တဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ အလုပ်သမားဝန်ကြီးဌာန ကို တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမား ဦးမျိုးမောင်မောင်ထက် က ပြောပါတယ်။

"ကျနော်တို့အလုပ်သမားတွေ စာချုပ်ဟာ အခုအချိန်ထိလည်း အသက်ဝင်သေးတယ်၊ ပြီးတဲ့အခါ ဒီအလုပ်သမားတွေရဲ့ လုပ်ခလစာဖြတ်ထားတဲ့ပိုက်ဆံလည်း ပြန်ပေးရမယ်ဆိုတာကို သူတို့အနေနဲ့ စာထွက်ထားတာရှိတယ်၊ အလုပ်ရှင်အနေနဲ့ မလိုက်နာဘူး၊ မလိုက်နာတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ အဲ့ဒါကို အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ အဲ့ဒါကိုဆောင်ရွက်ပေးဖို့လို့၊ နောက်ပြီးတော့ အလုပ်ရှင်က စာချုပ်ဖောက်ဖျက်တဲ့အတွက် အရေးယူပေးဖို့လို့၊ တရားစွဲပေးဖို့လို့ ပြီးတဲံအခါကျရင် ကျနော်တို့ရဲ့ လုပ်ခလစာတွေကို ပြန်ပေးဖို့လို့"

အလုပ်သမားတွေက အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်အတိုင်း တစ်ပတ်မှာ ၂ ရက် ပိတ်ရက်ပေးစေ လိုပြီး တစ်ပတ်ကို နာရီပေါင်း ၄၄ နာရီသာ အလုပ်လုပ်လိုကြတာဖြစ်ပါတယ်။

အလုပ်ရှင်ဘက်ကလည်း အလုပ်သမားဥပဒေအတိုင်း ချည်မျှင်စက်ရုံဖြစ်နေတဲ့အတွက် တစ်ပတ်မှာ ၁ ရက်သာ ပိတ်ရက်ထားရှိပြီး နာရီပေါင်း ၄၈ နာရီအလုပ်လုပ်စေလိုတာ ဖြစ်တယ်လို့ ပန်ဒါစက်ရုံ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေက ပြောပါတယ်။

"ဒီယောင်ယောင်ဝါးဝါးဥပဒေတွေကို ကျမတို့ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ဖြစ်သွားအောင် အလုပ်ရှင်နဲ့ အလုပ်သမားလည်း ပွင့်ပွင့်လင်းလင်းမြင်မြင်သာသာလေးတွေ ဖြစ်သွားအောင် ဒီခိုင်မာတဲ့ဥပဒေတွေကို ဒီမှာတာဝန်ယူထားတဲ့ အလုပ်သမားဦးစီးဌာနတွေက ညွှန်ကြားရေးမှူးအသီးသီး၊ ဝန်ကြီးဌာနတွေကနေမှ ပြတ်ပြတ်သားသားလေး ဖြေရှင်းပေးစေချင်တယ်၊ ကျောသတ်ရင်သတ်နဲ့လုပ်ခဲ့လို့ ကျမတို့တွေလည်း သုံးနှစ်သုံးမိုး ဒီမှာအလုပ်လုပ်နေပေမယ့် ရှေ့ကိုမရောက်နေဘူးပေါ့"

အရင် စက်မှုဝန်ကြီးဌာနက ပိုင်ဆိုင်တဲ့ ပလိပ်ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံကို ၂၀၁၃ ခုနှစ်ကစပြီး ပန်ဒါကုမ္ပဏီထံ ငှါးရမ်းလုပ်ကိုင်ခွင့် ချပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိစက်ရုံမှာ ဝန်ထမ်းပေါင်း တစ်ထောင်ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး တဝက်လောက်က အရင်ဝန်ကြီးဌာန လက်ထက်က လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေ ဖြစ်ပါတယ်။ အဲ့ဒီဝန်ထမ်းဟောင်းတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် အကြား မပြေလည်မှုတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။