စစ်ကိုင်းမြို့မှာ သတ်မှတ်ဈေးနဲ့ ရောင်းပေးတဲ့ စားအုန်းဆီကို တစ်ပတ်တစ်ရက်သာ ဝယ်ခွင့်ရ
2024.07.09

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ဆီကုန်သည်များအသင်းက သတ်မှတ်ဈေးနဲ့ ရောင်းချပေးတဲ့ စာအုန်းဆီကို ရပ်ကွက်အလိုက် တစ်ပတ်တစ်ရက်နှုန်းသာ ဝယ်ယူရပြီး ဝယ်ယူတဲ့အခါမှာလည်း မှတ်ပုံတင်အပါအဝင် အထောက်အထားအပြည့်အစုံပြပြီးမှသာ ဝယ်ယူခွင့်ရတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့ပေါ်က ဆီဆိုင်ခုနစ်ဆိုင်ကနေ သတ်မှတ်ဈေးနှုန်းနဲ့ သတ်မှတ်ထားတဲ့ရက်တွေမှာ ရောင်းချတာဖြစ်ပြီး ဝယ်ယူတဲ့အခါမှာလည်း လူတွေတန်းစီပြီး ဝယ်ယူရတာကြောင့် လုံလုံလောက်လောက်ရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
စားအုန်းဆီ တစ်ပိဿာကို ၆၂၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးတာဖြစ်ပြီး ပြင်ပဈေးကွက်မှတော့ စားအုန်းဆီ တစ်ပိဿာကို ၁၄,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတာပါ။ ဒါပေမဲ့ ပြင်ပဈေးကွက်မှာလည်း စားအုန်းဆီက ရှားပါးနေပြီး လိုသလောက် ဝယ်မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဝယ်ယူရာမှာလည်း ကိုယ်ရေးအချက်အလက် အထောက်အထားအပြည့်အစုံနဲ့ တန်းစီဝယ်ယူရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရပ်ကွက်အလိုက် သတ်မှတ်ပေးထားတဲ့ဆိုင်တွေမှာ တန်းစီပြီးတော့ ဝယ်ကြရတယ်။ ရပ်ကွက်ထောက်ခံစာတို့ အိမ်ထောင်စုဇယားတို့ ပြပြီးတော့မှ ဝယ်ရတာ။ အဲဒီလိုတန်းစီပြီး မဝယ်ချင်လို့ အပြင်ဆိုင်မှာ ဝယ်မယ်ဆိုရင်တောင် ဝယ်ချင်တိုင်း ဝယ်မရဘူး။ စားအုန်းဆီဝယ်ရတာ တော်တော်ခက်ခဲတယ်”
စာအုန်းဆီ ဝယ်ယူရတာ ခက်ခဲတာကြောင့် စားအုံးဆီကို အဓိကအသုံးပြုရတဲ့ အကြော်ဆိုင်တချို့အပါအဝင် အစားအသောက်ရောင်းချတဲ့ စျေးဆိုင်တချို့ မလည်ပတ်နိုင်ဘဲ ရပ်နားထားကြတယ်လို့ သူကပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီကတော့ စားအုန်းဆီကို ဈေးတင်ရောင်းချတဲ့ ကုန်သည်တွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၄ ရက်နေ့ကတော့ စားအုန်းဆီတင်သွင်းမှုမှာ မသမာမှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ကုမ္ပဏီရှစ်ခုကို အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။