စားအုန်းဆီ သတ်မှတ်ဈေးထက် ပြင်ပမှာ နှစ်ဆခန့် ဈေးမြင့်တက်

RFA Burmese
2024.08.19
စားအုန်းဆီ သတ်မှတ်ဈေးထက် ပြင်ပမှာ နှစ်ဆခန့် ဈေးမြင့်တက် ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် စားအုန်းဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီရဲ့ စားအုန်းဆီ လက်ကား ရည်ညွှန်းဈေးဟာ ဩဂုတ်လ ၁၉ ရက် ဒီနေ့မှာ တစ်ပိဿာ ကျပ် ခြောက်ထောင်ကျော် (၆၁၇၀ ကျပ်) ရှိလာချိန် ပြင်ပမှာ တစ်ပိဿာ ကျပ် တစ်သောင်းခွဲ (၁၅,၀၀၀) အထိ မြင့်တက်နေတယ်လို့ ရန်ကုန်မြို့က စားအုန်းဆီ ဝယ်ယူသူတွေက RFA ကို ပြောပါတယ်။

ပြည်တွင်းမှာ စားအုန်းဆီတွေ လိုသလောက်ဝယ်လို့မရဘဲ ဈေးတွေတက်လာချိန် စစ်ကောင်စီရဲ့ စားအုန်းဆီ လက်ကား ရည်ညွှန်းဈေးဟာလည်း ကျပ်ခြောက်ထောင်ကျော်ထိ တဖြည်းဖြည်းမြင့်တက်လာတာလို့ ဆိုပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးကတော့ စားအုန်းဆီအရောင်းဆိုင်တွေမှာ တစ်ပိဿာကျပ် တစ်သောင်းခွဲအထိ ဈေးမြင့်တက်လာတာကြောင့် သတ်မှတ်ဈေးနဲ့ ရောင်းချတဲ့နေရာတွေမှာပဲ တန်းစီဝယ်ယူနေရတယ်လို့ ပြောပါတယ်။

“တစ်ပိဿာကို တစ်သောင်းခွဲဆိုတော့ အဆင်မပြေဘူး၊ အဲဒါ ဆီတန်းစီတဲ့နေရာလေး ဈေးလိုက်ရောင်း တွေ့ရင် ဝင်တန်းစီပြီးတော့မှ ချက်ဖို့ပြုတ်ဖို့ ရတာပေါ့။ တန်းစီတဲ့နေရာတွေက ဈေးသက်သာတယ်။ အပြင်မှာကျ တစ်နေ့ ဈေးရောင်းလို့ရတဲ့ငွေနဲ့က ဝယ်စားဖို့ တွက်ခြေမကိုက်ဘူး”

ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်အရောင်းဆိုင်တွေမှာ အိမ်ထောင်စုတစ်စုကို ဆီငါးဆယ်ကျပ်သားတစ်ဘူးကို ကျပ် ၃၅၀၀ ဝန်းကျင်နဲ့ ရောင်းချပေးနေတာပါ။ ဒါပေမဲ့ တန်းစီဝယ်ယူသူ များပြားတာကြောင့် အကန့်အသတ်နဲ့သာ ရောင်းချပေးတယ်လို့ ဆိုပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ စားအုန်းဆီ တစ်ပိဿာကို ၂၂၀၀ ကျပ်သာ ရှိခဲ့ပေမဲ့ လက်ရှိ ရန်ကုန်မြို့မှာ စားအုန်းဆီတစ်ပိဿာ ကျပ် ၁၅,၀၀၀ နဲ့ ငါးဆကျော်အထိ မြင့်တက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။