ရန်ကုန်မှာ စားအုန်းဆီကို ဝယ်ခွင့်စာအုပ်နဲ့ ဝယ်ရဖို့ရှိ

RFA Burmese
2024.08.27
ရန်ကုန်မှာ စားအုန်းဆီကို ဝယ်ခွင့်စာအုပ်နဲ့ ဝယ်ရဖို့ရှိ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် မော်တင်စျေးတွင် ရပ်ကွက်ရုံးထောက်ခံစာနှင့် စားအုန်းဆီထုတ်ရန် စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့မှာ စားအုန်းဆီကို စစ်ကောင်စီသတ်မှတ်စျေးနဲ့ရဖို့ အရင်က သမဝါယမစနစ်ပုံစံ ဆီဝယ်ယူခွင့်စာအုပ်တွေ ထုတ်ပေးပြီး အဲဒီစာအုပ်နဲ့ဝယ်ရတော့မယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကိုပြောပါတယ်။

လာမဲ့ စက်တင်ဘာလကစလို့ အဲဒီပုံစံနဲ့ စားအုန်းဆီ ဝယ်ယူရမှာဖြစ်ပြီး စာအုပ်မပါရင် ဝယ်မရတဲ့အခြေအနေ ကြုံလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို သတ်မှတ်စျေးနဲ့ ဝယ်နိုင်ဖို့အတွက် မှော်ဘီမြို့နယ်က ရပ်ကွက်တချို့မှာ ဩဂုတ်လ ၂၃ ရက်က ဆီဝယ်ယူခွင့်စာအုပ်လုပ်ဖို့ စာရင်းကောက်ပြီး စာအုပ်ဖိုး ငွေကျပ်နှစ်ထောင် ပေးရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မှော်ဘီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကမှ ဆီစာအုပ်က ရတာ။ စာအုပ်လုပ်ခ နှစ်ထောင်ပေးရတယ်။ ဘယ်နှစ်ပိဿာပေးမယ်။ ဘယ်မှာထုတ်ရမှာလဲဆိုတာ မသိရသေးဘူး။ ဒီနေ့ထုတ်ပေးမယ်တော့ ပြောတယ်။ ရပ်ကွက်ရုံးကိုသွားပြီး သူတို့ ဝယ်ရမဲ့ဆိုင် ပြန်ရေးပေးမယ်ပေါ့၊ အဲဒီလို ပြောတယ်”

စားအုန်းဆီတစ်ပိဿာကို ပြင်ပပေါက်စျေး နှစ်သောင်းခန့် (၁၇၅၀၀) ကျပ် ရှိလာတာကြောင့် ရန်ကုန်မြို့က အခြေခံ လူတန်းစားတွေဟာ စစ်ကောင်စီသတ်မှတ်စျေးဖြစ်တဲ့ စားအုန်းဆီတစ်ပိဿာကို ကျပ် ခုနစ်ထောင်ဝန်းကျင် (၆၆၀၀) နဲ့ ဝယ်ယူနိုင်ဖို့ ဆီဆိုင်တွေမှာ မနက်အစောကတည်းက တန်းစီပြီး ဝယ်ယူနေရပါတယ်။

အိမ်ထောင်စုတစ်စုကို ဆီငါးဆယ်သား ဝယ်ခွင့်ရပြီး ကိုယ်နေထိုင်တဲ့ ရပ်ကွက်ရုံးက ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဧည့်စာရင်းမိတ္တူတွေယူပြီး ဆီဆိုင်တွေမှာ ဝယ်ယူရတယ်လို့ လမ်းမတော်မြို့နယ်၊ မော်တင်စျေးမှာ ဆီဝယ်ဖို့ တန်းစီနေသူတွေက RFA ကို ပြောပါတယ်။

အဲဒီထောက်ခံစာတွေနဲ့ ဆီဝယ်ယူတာကို ဩဂုတ်လ နောက်ဆုံး သတ်မှတ်ထားပြီး လာမဲ့ စက်တင်ဘာလကစလို့ ဆီဝယ်ခွင့်စာအုပ် ဝယ်ယူရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

စားအုန်းဆီဝယ်ခွင့်စာအုပ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်း ဦးစီးမှူးရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်က စားအုန်းဆီတစ်ပိဿာကို ကျပ်နှစ်ထောင်ကျော်သာ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်ပြီး သုံးနှစ်ကျော်အတွင်း စားအုန်းဆီတစ်ပိဿာကို ငွေကျပ် နှစ်သောင်းခန့် (၁၇၅၀၀ ကျပ်) အထိ မြင့်တက်လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။