အိန္ဒိယဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား တစ်ရာကျော်ကို မြန်မာဘက်ပြန်ပို့

RFA Burmese
2024.01.09
အိန္ဒိယဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား တစ်ရာကျော်ကို မြန်မာဘက်ပြန်ပို့ မြန်မာဘက်ကို ပြန်ပို့မည့် စစ်ကောင်စီတပ်သားများအား အိုက်ဇောမြို့၊ lenpui လေဆိပ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က တွေ့ရစဉ်။
Ko Nyo

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ရှင်းလက်ဝ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက် သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီ တပ်သား ၁၀၄ ဦးကို ဇန်နဝါရီ ၉ ရက်နေ့မှာ မြန်မာနိုင်ငံထံ ပြန်ပို့ပေးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ lenpui လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ပြန်ပို့လိုက်တာ၊ အာသံရိုင်ဖယ်တပ်က လုံခြုံရေးအပြည့်ယူပြီး လိုက်ပို့တာ။ ဓာတ်ပုံ၊ ဗီဒီယို ရိုက်တဲ့တွေကို ၀စီမှုတ်ပြီး တားတာတွေရှိတယ်"

ဇန်နဝါရီ ၂ ရက်နေ့မှာ (AA) နဲ့ မရာဒေသကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့က ရှင်းလက်ဝ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်ပြီ အဲဒီစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား တွေ မီဇိုရမ်ဘက်ကို ထွက်ပြေးခဲ့တာပါ။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို (AA) နဲ့ (MDF) အဖွဲ့က လိုက်လံ ရှင်းလင်းချိန် ဇန်နဝါရီ ၅ ရက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့သလို ဆယ်ဦးဖမ်းမိခဲ့တယ်လို့ (MDF) အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပလက်ဝမြို့နယ် အိန္ဒိယ - မြန်မာနယ်စပ်က တိုက်ပွဲအတွင်း ဒီဇင်ဘာ ၂၉ ရက်မှာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၅၁ ဦးကိုလည်း ဇန်နဝါရီ ၂ ရက်နေ့မှာ မြန်မာနိုင်ငံဘက် ပြန်ပို့ပေးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား လေးဆယ်ကျော်ကိုလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့မှာ မိုးရေးမြို့ကတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့ကို လွှဲပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။