ပလက်ဝရေလမ်းကြောင်းပြန်ဖွင့်ရေး တောင်းဆိုချက် စစ်ကောင်စီအကြောင်းမပြန်
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကုန်စည်စီးဆင်းမှုအတွက် အဓိက အသုံးပြုတဲ့ ပလက်ဝ-ကျောက်တော် ရေလမ်းကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာ အချိန်နှစ်လနီးပါးရှိလာနေပြီး ပြန်ဖွင့်ပေးဖို့အတွက် ပလက်ဝမြို့ ခလရ - ၂၈၉ တပ်ရင်းကို ဘာသာရေးအဖွဲ့စည်းတွေနဲ့ မြို့မိမြို့ဖတွေက အောက်တိုဘာ ၂၄ ရက်နေ့က တောင်းဆိုထားပေမယ့် ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်က ရေလမ်းကြောင်းကို ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိပလက်ဝမြို့မှာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ဆန်ဝယ်စရာမရှိတော့အောင် ပြတ်လပ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆန်တွေက မရှိတော့ဘူး။ တချို့ဆိုရင် ဆန်ပြုတ်တောင် ချက်စားနေရပြီ။ ဆန်ကြမ်း တစ်အိတ် တစ်သိန်းလေ။ ပိုက်ဆံရှိရင်တောင် ဆန်မရှိလို့ ဝယ်မရဘူး။ လမ်းကဘယ်ချိန်ပြန်ဖွင့်မယ်မှန်း မသိဘူး”
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် စစ်ကောင်စီရဲ့ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ပလက်ဝမြို့မှာ ဆန်ဝယ်စရာမရှိတော့တာကြောင့် ဆန်ဝေပေးဖို့ စစ်ကောင်စီတပ်ကို ဒေသခံတွေက တောင်းဆိုထားတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။