ပုလဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် ဒေသခံတွေကို ပြန်ခေါ်

RFA Burmese
2024.11.16
ပုလဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် ဒေသခံတွေကို ပြန်ခေါ် ပုလဲမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ဓာတ်ပုံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် မြို့ပေါ်ကနေ ထွက်ပြေးသွားတဲ့ ဒေသခံတွေကို ပြန်နေထိုင်ကြဖို့ ခေါ်နေတယ်လို့ ပုလဲမြို့ခံတွေက နိုဝင်ဘာလ ၁၆ ရက် ဒီနေ့မှာ ပြောပါတယ်။

မြို့ပေါ်ကို ပြန်မလာဘူးဆိုရင် နေအိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီတပ်ဘက်က အသိပေးမှုတွေရှိနေပြီး နေရပ်ပြန်ရင် ဖမ်းဆီးခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲမြို့ပေါ်က ဒေသခံ တစ်ဦးကတော့ နေအိမ်တွေမီးရှို့ခံရမှာကြောင့် ဒေသခံတချို့ မြို့ပေါ်ကို ပြန်လာကြတယ်လို့ RFA ကို ပြောပါတယ်။

“အဖမ်းခံရမှာတော့ ကြောက်တာပေါ့။ ဒါပေမဲ့ ပြန်မလာရင် မီးရှို့မယ်ဆိုတော့လည်း ပြန်ကြရတာပဲ။ တချို့တွေကတော့ ပြန်လာကြပြီ။ မြို့ပေါ်မှာ စစ်ကောင်စီတပ်က နေရာတော်တော်များများမှာ တပ်စွဲထားတယ်။ မနေ့ကတော့ မြို့ပေါ်က နေအိမ် ဆယ်လုံးလောက်ကို မီးရှို့နေတယ်”

တိုက်ပွဲကြောင့် ပုလဲမြို့ပေါ်က ဒေသခံ ငါးထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတာပါ။

နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ပုလဲမြို့ပေါ်မှာ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး ပုလဲမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပုလဲမြို့ပေါ်ကနေ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီက မြို့ကို ပြန်ထိန်းချုပ်ခဲ့တာပါ။

ငါးရက်ကြာတဲ့ နှစ်ဖက်တိုက်ပွဲမှာ မြို့ပေါ်က အရပ်သား လေးဦး သေဆုံးသလို ရွာ နှစ်ဆယ်ကျော်က ဒေသခံ နှစ်သောင်းခန့်လည်း နေရပ်စွန့်ခွာနေရဆဲဖြစ်တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

ပုလဲမြို့ပေါ် အပါအဝင် မြကုန်းရွာ၊အေးကုန်းရွာ၊ အလယ်ဘုံရွာ၊ ဇောင်ဂျမ်းကုန်းရွာ၊ မန်ကျည်းခွရွာ၊ ကုက္ကိုကုန်းရွာ၊ ကျွန်းဘိုကုန်းရွာ၊ ညောင်ကုန်းရွာ စတဲ့ ကျေးရွာ ၂၁ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။