ပုလဲမှာ PDF တစ်ဦးနဲ့ ဒေသခံနှစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2023.09.27
ပုလဲမှာ PDF တစ်ဦးနဲ့ ဒေသခံနှစ်ဦး သတ်ဖြတ်ခံရ စစ်ကောင်စီစစ်ကြောင်းများကြောင့် တိမ်းရှောင်နေရသည့် ပုလဲမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
Pale Entertainment

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တစ်ဦးနဲ့ ဒေသခံနှစ်ဦးကို စက်တင်ဘာလ ၂၆ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက် မနက် ၇ နာရီခွဲမှာ စစ်ကောင်စီစစ်ကြောင်းက ညောင်ကုန်းရွာကို ဝင်ရောက်စီးနင်းခဲ့လို့ ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။

မနေ့ ညနေပိုင်းက PDF နဲ့ ဒေသခံ စုစုပေါင်း ရှစ်ဦးက စစ်ကောင်စီတပ်ရဲ့ သတင်းကို စုံစမ်းဖို့ ညောင်ကုန်းရွာကို သွားရောက်ချိန်မှာ အဲဒီထဲက သုံးဦး ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရတာလို့ ကိုကျော်စိုးဝင်းက ပြောပါတယ်။

"ပတ်ပတ်လည်မှာ စစ်ကောင်စီတပ် ထွက်သွားမလား စောင့်ကြည့်ကြတယ်။ ရွာထဲကို စစ်ဆေးတဲ့ပုံစံမျိုး ဝင်တာ။ ရှေ့ဆက်တိုးရင်း အငိုက်မိသွားတဲ့အချိန်မှာ ထိခိုက်သူတွေ ရှိခဲ့တယ်။ ပြည်သူနှစ်ဦးနဲ့ ရဲဘော် တစ်ဦး ရွာထဲမှာ ကျန်ခဲ့တယ်။ ဒီနေ့မနက် ရွာထဲကို ဝင်လိုက်တဲ့အချိန်မှာ ပြည်သူတွေနဲ့ ရဲဘော်တွေကို ခေါင်းတွေဖြတ်၊ လက်တွေဖြတ် ရက်ရက်စက်စက်သတ်ဖြတ်ထားတာတွေကို မြင်တွေ့လိုက်ရတာ ပေါ့ဗျာ"

စက်တင်ဘာလ ၂၇ ရက် မနက်ပိုင်းက PDFတွေ ညောင်ကုန်းရွာထဲဝင်ချိန်မှာ ဦးခေါင်း၊ ခြေ၊ လက်၊ ဝမ်းဗိုက် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်ခံထားရသူ သုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ် လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုကျော်စိုးဝင်းက RFA ကို ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သားတစ်ဦးဟာ ကံပေါက်ရွာက ဖြစ်ပြီး နောက်တစ်ဦးကတော့ ညောင်ကုန်းရွာသား ဖြစ်တယ်လို့ သူက ပြောပါတယ်။

လွတ်မြောက်လာတဲ့ PDF တပ်ဖွဲ့ဝင် လေးဦးထဲက သုံးဦးမှာလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ညောင်ကုန်းရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၈၀ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကတော့ ဒီဖြစ်စဉ်ကို သူမသိသေးဘူးလို့ စက်တင်ဘာလ ၂၇ ရက် မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းမှာ ညောင်ကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး PDF သုံးဦးသေဆုံးခဲ့တယ်လို့ ရေးသားနေကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကိုင်ခုခံသူတွေကို နှိမ်နင်းတာမှာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာတွေ နေ့တိုင်းနီးပါး ပြုလုပ်နေတာပါ။

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၂၀၀) ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။