ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းအနီး တိုက်ပွဲပြင်းထန်နေ၊ ပြည်သူ တစ်သောင်းခွဲကျော် ထွက်ပြေးနေရ

RFA Burmese
2023.11.27
ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းအနီး တိုက်ပွဲပြင်းထန်နေ၊ ပြည်သူ တစ်သောင်းခွဲကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာမှာရှိတဲ့ ရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် ဒီနေ့မနက် ၅ နာရီခွဲခန့်ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ တစ်သောင်းခွဲကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နေ့လယ် (မွန်းလွဲ) အချိန်အထိ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ပါ ပစ်နေတာကြောင့် ကန့်ဒေါင့်၊ သရက်လှ၊ ညောင်ရင်းကုန်း၊ အောင်ချမ်းသာ၊ သရက်ကန်၊ ဝါးကြီးတော၊ ကန်ရိုး စတဲ့ရွာတွေ အပါအဝင် အနီးအနားရွာတွေက ပြည်သူတစ်သောင်းခွဲကျော် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ကန့်ဒေါင့်ရွာရဲစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အားတစ်ရာခန့်ရှိပြီး အဲဒီစခန်းကို သိမ်းနိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် ကန့်ဒေါင့်ရွာနဲ့ အနီးတစ်ဝိုက်ရွာတွေကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ သုံးကြိမ်၊ ဂျက်တိုက်လေလေယာဉ်နဲ့ တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်နေတဲ့ ပုလဲမြို့နယ် မြေပြင်ပြောက်ကျားအဖွဲ့ ခေါင်းဆောင် ဗိုလ်ဂဠုန်က RFA ကို ပြောပါတယ်။

“ရဲစခန်းဆိုပေမယ့် စစ်ကောင်စီနဲ့ ရဲနဲ့ ပေါင်းထားတဲ့ စခန်းပါ။ အဲဒါကို ဒီမနက်ကစပြီး ဝင်တိုက်နေတာ။ အင်အား တစ်ရာလောက်ရှိမယ်။ အခုလေကြောင်းပစ်ကူအနေနဲ့ Mi-35 နဲ့ လာလာပစ်နေတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်သုံးနေတယ်။ အခုက မပြီးသေးဘူး။ တိုက်နေတုန်း၊ စခန်းသိမ်းဖို့အတွက် တိုက်နေကြတာ”

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုကျော်စိုးဝင်းကတော့ စစ်ကောင်စီတပ်ဟာ မဆိုင်တဲ့ရွာတွေကိုပါ လေကြောင်းနဲ့ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲအနီးရွာက ပြည်သူတွေသာမက အဝေးကရွာတွေပါ ထွက်ပြေးနေကြရတာလို့ RFA ကို ပြောပါတယ်။

“ပြေးနေရတဲ့ရွာတွေက အဲဒီနားပတ်ဝန်းကျင် တော်တော်များတယ်ခင်ဗျာ။ ရှောင်တိမ်းနေရတယ် ခင်ဗျာ။ လေကြောင်းလာပစ်တဲ့အခါမှာ မဆီမဆိုင်တဲ့ ရွာတွေကိုပါကျတော့ ထိခိုက်မှုစိုးရိမ်ရတာကြောင့် ရှောင်နေကြရတာ၊ ပြေးနေရတာ။ လေယာဉ်နဲ့ လာပစ်တာမှာ ပြည်သူထိထိ၊ မထိထိ ပစ်တော့တာပဲ။ ပွဲကလည်း မပြီးသေးဘူး။ ဆက်တိုက်နေကြတယ်”

တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာ ခရီးသွားနေတာကြောင့် ဒီနေ့ တိုက်ပွဲအပေါ် သူ့အနေနဲ့ သေချာမသိသေးဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီနေ့မနက် ၄ နာရီကစလို့ ပုလဲမြို့နယ်၊ ပုလဲ- ဂန့်ဂေါ လမ်းမပေါ်က အရေးပါတဲ့ ကန့်ဒေါင့်နယ်မြေရဲစခန်းကို PDF ပူးပေါင်းအဖွဲ့တွေ ဒရုန်းတွေနဲ့ပါ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်နေပေမယ့် PDF တွေ နောက်မဆုတ်သေးဘူးလို့ ရေးထားပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ နိုဝင်ဘာ ၂၄ ရက်ကြေညာချက်အရ ၁၀၂၇ စစ်ဆင်ရေးတစ်လပြည့်တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ တစ်နိုင်ငံလုံးစစ်ဆင်ရေး (Nationwide Operation) ကိုစတင်မယ်လို့ ပြောထားပြီးနောက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း စခန်းသိမ်းတိုက်ပွဲဆိုပြီး စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။