ပခုက္ကူကျောင်းသားတွေ စစ်ဘေးဒုက္ခသည်တွေဆီ ထွက်ခွာခွင့်ရ
2019.10.19

ရခိုင်ပြည်နယ် မင်းပြားမြို့က စစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းဖို့သွားရောက်ကြစဉ် တားမြစ်ခံရတဲ့ ပခုက္ကူကျောင်းသားမဂ္ဂအဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ခွင့်ပြုချက်နဲ့ အမ်းမြို့ကနေ ဆက်လက်ထွက်ခွာနေပြီဖြစ်ပါတယ်။
ပခုက္ကူက အောက်တိုဘာလ ၁၇ ရက်နေ့ကနေထွက်ခွာလာရာ အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ရခိုင်ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ လက်မှတ်ပါမှ သွားရောက်ခွင့်ပြုနိုင်မယ်ဆိုပြီး ဒီနေ့ မနက် ၁၀ နာရီမှာ အမ်းမြို့ အဝင်ဂိတ်က တားမြစ်ခံခဲ့ရတာဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂအဖွဲ့ကို ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ဖုန်းနဲ့ဆက်သွယ်ပြီး သွားခွင့်ပြုခဲ့တာဖြစ် တယ်လို့ အဖွဲ့မှာပါဝင်တဲ့ ကိုမျိုးသူအောင်က RFA ကို ပြောပါတယ်။
မင်းပြားမြို့ကို သွားရောက်လှူဒါန်းဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံကို ခွင့်ပြုချက် တောင်းခံခဲ့ပြီး နှုတ်မိန့်နဲ့ ခွင့်ပြုချက်ရပြီးမှစာတင်ပြီး လာရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မင်းပြားမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ဆန်၊ ဆီ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်အရေအတွက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ စာရင်းမှာ သုံးသောင်းနီးပါးသာရှိပြီး ဒေသအခြေစိုက် အကူအညီပေးရေးအဖွဲ့တွေရဲ့ စာရင်းတွေအရတော့ ဒုက္ခသည် ခုနှစ်သောင်းနီးပါး ရှိနေပါတယ်။