ပခုက္ကူမှာ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၆ လုံး ပျက်စီး

RFA Burmese
2024.05.01
ပခုက္ကူမှာ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၆ လုံး ပျက်စီး ပခုက္ကူမြို့နယ် ဖောင်ကျောင်းရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့အား ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဖောင်ကျောင်းရွာကို ဧပြီလ ၂၉ ရက်နေ့က ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေလာလေးရွာမှာ အခြေစိုက်ထားတဲ့ ပျူစောထီးအဖွဲ့ဟာ အဲဒီရွာနဲ့ တစ်မိုင်အကျော်မှာရှိတဲ့ ဖောင်ကျောင်းရွာကို မနက် ၆ နာရီလောက်မှာ ပစ်ခတ်ဝင်ရောက်လာပြီးနောက် ရွာကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သတင်းပေးတစ်ဦး သတ်ဖြတ်ခံရပြီးနောက် အခုလို ရွာထဲကိုဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရေလာဘက်က ဒလန်တစ်ယောက်ကို ကာကွယ်ရေးတပ်တွေက ဝင်ရှင်းလိုက်တာ။ အဲလိုရှင်းပြီးနောက် ပျူအဖွဲ့က အနီးနားကရွာကိုဝင်ပြီး မီးတင်ရှို့တော့တာပဲ။ အဓိကတော့ အဲရွာမှာ PDF တွေရှိတယ်ဆိုပြီး မဲတာပေါ့။ တစ်ရွာလုံးကို မီးတင်ရှို့တာကို ရွာခံတချို့ပြန်ဝင်ပြီး မီးငြှိမ်းနိုင်ခဲ့လို့သာ ရွာလုံးကျွတ် ပြာမကျတာ "

ဖောင်ကျောင်းရွာမှာ အိမ်ခြေတစ်ရာကျော်ရှိပြီး ပျူစောထီးအဖွဲ့ ဝင်ရောက်လာချိန် ရွာခံအများစု ထွက်ပြေးနိုင်ခဲ့တာကြောင့် လူတွေထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

မီးရှို့ခံရမှုကြောင့် ရွာထဲမှာကျန်နေတဲ့ ဆိတ်အကောင်ရေ နှစ်ရာကျော်အပါအဝင် ကျွဲ၊ နွား တိရစ္တာန်အချို့ မီးလောင်သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့ အခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ စာရင်းအရ အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။