ပခုက္ကူတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ နိုင်ငံရေးမှူး သေဆုံး

RFA Burmese
2024.05.26
ပခုက္ကူတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ နိုင်ငံရေးမှူး သေဆုံး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) အမှတ် (၈၁၅) ရဲ့ နိုင်ငံရေးမှူး ရဲဘော် ထွန်းနိုင် (ခ) ကိုအောင်သူရအား တွေ့ရစဉ်။
Facebook/ People's Liberation Army - PLA

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မေလ ၂၆ ရက် မနက်ပိုင်းက သွားရောက်တိုက်ခိုက်ချိန် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) အမှတ် (၈၁၅) ရဲ့ နိုင်ငံရေးမှူးတစ်ဦး သေဆုံးသွားတယ်လို့ PLA က မေလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နှစ်နာရီနီးပါးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်ကူရောက်လာတာကြောင့် ပြန်ဆုတ်ချိန် ရဲဘော် ထွန်းနိုင် (ခ) ကိုအောင်သူရရဲ့ ခေါင်းကို အပစ်ခံလိုက်ရတာလို့ အဲဒီအခြေအနေကိုသိတဲ့ ပခုက္ကူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"Head Shot (ခေါင်းကို) အပစ်ခံရတာပေါ့။ သူ့ရဲ့ ရဲဘော်တွေကို နောက်ဆုတ်ခိုင်းပြီး ကာပစ်ပေးနေရင်း ထိတာ။ ဒါတောင် စကားပြောစက်ကနေ နောက်ဆုံးပြောသွားတာက ခေါင်းကိုပဲထိတာ ဘာမှမဖြစ်ဘူးတဲ့။ ဒီဘက်က လူတွေ စိတ်ပူမှာစိုးလို့ အဲဒီလိုပြောသွားတယ်"

ရဲဘော် ထွန်းနိုင်ရဲ့ ရုပ်အလောင်းကို မေလ ၂၇ ရက်နေ့မှာ ဓလေ့ထုံးစံနဲ့အညီ သင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ရဲဘော် ထွန်းနိုင်တစ်ဦးသာ သေဆုံးခဲ့ပြီး ကျန်တဲ့ရဲဘော်တွေက ဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) အမှတ် (၈၁၅) ကို RFA က ဒီနေ့မနက်ပိုင်း ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

အသက် ၃၀ အရွယ် ရဲဘော် ထွန်းနိုင်ဟာ နိုင်ငံရေးမှူးလည်းဖြစ်သလို မြင်းခြံ နည်းပညာကောလိပ် ကျောင်းသားသမဂ္ဂရဲ့ ကျောင်းသားထုအခွင့်အရေး တာဝန်ခံဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ဖလံအိုရွာက စစ်ကောင်စီတပ်စခန်းမှာ အင်အားတစ်ရာနီးပါးရှိနေပြီး အဲဒီရွာမှာပဲ တပ်စွဲနေထိုင်နေတာ လေးလနီးပါးရှိနေပြီလို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။