ဘုရားထီးတော်ချခဲ့သူများကို သံဃာများ အမှုဖွင့်မည်
2013.11.17

ရှမ်းပြည်နယ် တောင်ကြီးမြို့က ထင်းရူးမြိုင် ဘုန်းကြီးကျောင်းဝင်းထဲက ဘုရားရဲ့ ထီးတော်ကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက ဆွဲချခဲ့တာကို မြို့ခံသံဃာတော်တွေက မကျေနပ်လို့ ရွှေဝါရောင်မျိုးဆက် သံဃာတော်အပါး ၄ဝ လောက်ဟာ အဲဒီကျောင်းဝိုင်းအတွင်းမှာ ဒီကနေ့ နေ့ခင်း ပိုင်းက ဘုရားအနေကဇာတင်ပွဲ ကျင်းပခဲ့ကြပါတယ်။
ဘုရားထီးတော်ချခဲ့သူတွေကို အမှုဖွင့်တိုင်ကြား သွားမယ်လို့ အဲဒီဘုရားအနေကဇာတင်ပွဲကို ဦးဆောင်ခဲ့တဲ့ လောကမာရ်အောင်ကျောင်းတိုက် မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာနန္ဒက RFA ကို မိန့်ကြားပါတယ်။
"ရွှေဝါရောင် သံဃာတော်တွေ ဦးဆောင်ပြီး မြို့ကသံဃာတွေ အနေကဇာတင်တယ်၊ အနေကဇာတင်တဲ့ရည်ရွယ်ချက်က ဆက်လက်ပြီးတော့ သာသနာပြန့်ပွားအောင်လုပ်ရမယ်၊ ဒီထီးတော်ကြီးကို အကာလညအခါ ဖျက်ဆီးတဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူပေးပါလို့ ပြောရလိမ့်မယ်"
ဆေးတက္ကသိုလ်ဆောက်မယ့်မြေနေရာဖြစ်တယ်ဆိုပြီး အာဏာပိုင်တွေဘက်က သိမ်းယူထားတဲ့ အဲဒီထင်းရှူးမြိုင်ကျောင်းတိုက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က အာဏာပိုင်တွေဘက်က ဖျက်ဆီးခဲ့သလို ဘုရားရဲ့ထီးတော်ကိုလည်း ဆွဲချခဲ့ကြတယ်လို့ မျက်မြင် သက်သေတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်က တောင်ကြီးဆေးတက္ကသိုလ် ဆောက်လုပ်မယ့်မြေနေရာကို ကျူးကျော်တယ်ဆိုပြီး ထင်းရူးမြိုင်ကျောင်းတိုက်က သံဃာ ၁၂ ပါးကို အာဏာပိုင်တွေက လူဝတ်လဲခိုင်းခဲ့သလို ကျောင်းထိုင်ဆရာတော် ဦးကဝိစာရကို သာသနာညှိးနွမ်းစေမှုနဲ့ အာဏာပိုင်တွေဘက်က တရားစွဲဆိုခဲ့ပြီး ဆရာတော်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။