ရွေးကောက်ပွဲကို လူတထောင်ကျော် ဆန့်ကျင် ဆန္ဒပြ
2010.10.25
ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုမိုးကျော်က အခုလို သတင်း ပေးပို့ထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် အနောက်ဖက်ခြမ်း ၄ မိုင်အကွာမှာ ရှိတဲ့ကျေးရွာတွေက လူထုတွေဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့အဝင်က စစ်တပ်ဂိတ်ဝထိ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့တာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပါတယ်။
“နအဖကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ ဆန့်ကျင် တိုက်ဖျက်တဲ့ လူထုလှုပ်ရှားမှု ဆန္ဒပြပွဲပါ။ ဒေသခံ ကြာအင်းဆိပ်ကြီး မြို့နယ်တဝိုက်မှာ ရှိတဲ့ ရှမ်းလူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ မွန်လူမျိုးတွေ နေတဲ့ ကျေးရွာရယ်၊ ကရင်လူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ ကြာအင်း ဆိပ်ကြီး အနောက်ဖက်က။ ဒီကနေ့ မနက်ကတော့ အင်အား တထောင်နဲ့ တရာကျော် ပါတယ်။ ၂၀၁၀ နအဖ ရွေးကောက်ပွဲ အလိုမရှိဆိုတာကို ကြွေးကြော်ပါတယ်။ ပြီးတော့မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ နောက် ဒီမိုကရေစီ တည်ဆောက်ရေး၊ နောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒို့အရေး ဒို့အရေးဆိုပြီး ကြွေးကြော်ပါတယ်။ ပြီးတော့မှ အရေးတော်ပုံ အောင်ရမည် အောင်ရမည်။ အဲဒါပါ။”
ချီတက်ဆန္ဒပြခဲ့တဲ့ နောက်ဆုံးနေရာဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ရှေ့တန်းအခြေချ စစ်ဗျူဟာရုံးရှိတဲ့နေ ရာဖြစ်ပါတယ်။ စစ်အစိုးရအာဏာပိုင်တွေဖက်ကတော့ နှောင့်ယှက်ဟန့်တားတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။
အလားတူ ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးနဲ့ ချောင်းနှစ်ခွ ကားလမ်းဘေးမှာ တိုင်းရင်းသား အင်အား ၅၀ဝ ကျော်လောက်က စုရုံးဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ ခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပြပါတယ်။
“မြန်မာနိုင်ငံသူ နိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့ ပြည်သူတရပ်လုံးရဲ့ သဘော ဆန္ဒကိုလည်း မြန်မာတနိုင်ငံလုံးလည်းသိနိုင်အောင် ကျနော်တို့ တကမ္ဘာလုံးကလည်း သိနိုင်အောင် အဲဒီ တခြား တခြားသော ဒေသတွေမှာ ရှိတဲ့ မြန်မာပြည်သားတွေလည်း သူတို့ ရောက်ရှိတဲ့ နေရာမှာ သူတို့ရဲ့ သဘောဆန္ဒကိုလည်း အခုလို ပွင့်ပွင့်လင်းလင်း ပြသဖို့ အချိန်ရောက်ပြီ ဆိုတာကို ပြသဖို့ ကျနော်တို့ ဆန္ဒပြခြင်း ဖြစ်ပါတယ်။”
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ထိစပ်နေတဲ့ ဒေသတွင်းမှာ စစ်အစိုးရဖက်က ရွေးကောက်ပွဲ ဥပဒေနဲ့ မကိုက်ညီတဲ့ ကြိုတင်မဲတွေ လိုက်လံ ကောက်ယူတာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကရင်ပြည်နယ် အတွင်းက ဒေသအချို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ် ကြေညာထားကြောင်း သိရပါတယ်။