ပြည်ခိုင်ဖြိုးပါတီမှ တရားစွဲမှုမှာ NDF ပါတီမှ ဒေါက်တာ မြတ်ဉာဏစိုး အနိုင်ရ

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးဟာ သူ့အပေါ် ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက္ကသိုလ် မြတ်သူက မဲ မသမာမှုနဲ့ စွဲဆိုထားတဲ့ အမှုမှာ အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။

2011.06.10
ndf_election_campaign_305_z.png အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ အဖွဲ့ဝင်များ ရန်ကုန်မြို့ တနေရာတွင် အောက်တိုဘာ ၂၀ ရက်နေ့က ရွေးကောက်ပွဲ မဲဆွယ် လက်ကမ်း ကြော်ငြာများ ဝေငှနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသာလွှတ်တော် မဲဆန္ဒနယ် (၄) မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးမြတ်သူ (တက္ကသိုလ် မြတ်သူ) (ခေါ်) ဦးကျော်ဇင်ညွန့်က အမျိုးသား ဒီမိုကရေစီအင်အားစု NDF က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကို ရွေးကောက်ပွဲ မဲသမာမှုနဲ့ တရားစွဲခဲ့တဲ့ ကိစ္စမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တရားရုံးက ဒေါက်တာ မြတ်ဉာဏစိုးကို အနိုင်ပေးလိုက်တယ်လို့ သိရှိိရပါတယ်။

ဒေါက်တာမြတ်ဉာဏစိုးကတော့ ရွေးကောက်ပွဲ ကော်မရှင်က သူ့အမှုကို တရားနည်းလမ်းကျ ဆုံးဖြတ်ပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနေ့ပဲ အမိန့်ချပြီးပါပြီ။ ကျနော့်ကို အနိုင်ပေးပါတယ်။ ဆရာကြီး တက္ကသိုလ် မြတ်သူဖက်က စွပ်စွဲထားတာတွေဟာ တရားနည်းလမ်းမကျဘူး။ တရားမဲ့ ပြုကျင့်မှု မမြောက်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အဲဒီအမှုကို စွဲဆိုထားတာတွေ အားလုံးကို ပလပ်လိုက်ပါတယ်။ ပလပ် ပြီးတဲ့အခါကျတော့ ကျနော့်ကို နစ်နာကြေးအဖြစ်ပေါ့နော်။ ငွေငါးသိန်း ပေးလျော်စေဆိုပြီးတော့ စီရင်တယ် ။ တက္ကသိုလ်မြတ်သူက ကျနော့်ကို လျော်ကြေးအနေနဲ့ ပေးရမှာပါ။ ကျနော်ကတော့ ဒါတွေဟာ ပါတီအချင်းချင်းပေါ့နော် နားလည်မှု မှားယွင်းတာရော ဘာရော အဲဒါကြောင့်မို့လို့ ဖြစ်တယ်လို့ ယူဆပါတယ်။ အခု ကျနော် နိုင်ငံတော်အတွက် ဥပဒေပြုရေး လုပ်ငန်းတွေဆက်ပြီးတော့ လုပ်နိုင်ပြီ။ နောက် အခု ပူးပေါင်းကော်မတီမှာ ကျနော်ပါတယ်ပေါ့နော်။ ဥပဒေပြု ပူးပေါင်းကော်မတီမှာ။ နောက်ပြီးတဲ့အခါ ကျနော် ဒီငါးသိန်းကိုလည်း မယူဘူးခင်ဗျ။ ဆရာကြီး တက္ကသိုလ် ဦးမြတ်သူကိုပဲ ပြန်ပြီး ကန်တော့လိုက်ပါတယ်။ ကျနော့်အတွက် လျော်ကြေးပေးစရာ မလိုပါဘူး။ ဒီလိုမျိုး တရားသဖြင့် ဆုံးဖြတ်တာကိုပဲ ကျနော် ကျေနပ်ပါတယ်။”

ဒေါက်တာ မြတ်ဉာဏစိုးကို ဦးမြတ်သူက အချက် ၈ ချက်နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက အချက် ၇ ကတော့ မဲသမာမှုနဲ့ သက်ဆိုင်ပါတယ်။ မဲလိမ်တယ်၊ NDF ပါတီ လိုလားတဲ့ မဲရုံတာဝန်ခံတွေက ပြည်သူတွေကို မဲထဲ့ခိုင်းတယ်။ သန်းခေါင်စာရင်းကိုပြုပြင်ပြီး ပွားထားတယ်။ ကြိုတင်မဲမပေးနိုင်အောင် လုပ်တယ ဆိုတာတွေ ပါဝင်ပါတယ်။

တကယ် တရားဆိုင်တဲ့အချိန်မှာတော့ မဲသမာမှုဆိုင်ရာ အချက်တွေကို ပြန်ရုပ်သိမ်းသွားခဲ့ပြီး ယခင်အစိုးရနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အပေါ် ပုတ်ခတ် စည်းရုံးမှု လုပ်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ စွဲချက်တင်ခဲ့တယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ဆိုပါတယ်။

ဒီအမှုကို လွှတ်တော်အစည်းအဝေး မကျင်းပခင်ကတည်းက ရွေးကောက်ပွဲ ကော်မရှင် တရားရုံးမှာ တိုင်ချက်ဖွင့်ခဲ့ပြီး လွှတ်တော်မစတင်ခင် တကြိမ် စုံစမ်းစစ်ဆေးခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေး ကျင်းပပြီးနောက် ဧပြီလ နောက်ဆုံးပတ်မှာ ဆက်လက် ကြားနာခဲ့တာဖြစ်ပြီး မေလ ဒုတိယပတ်တုန်းက လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ရှေ့နေဦးအေးမြင့်။ အရပ်သား လုပ်ငန်းရှင်တဦးနဲ့ The Voice ဂျာနယ်မှ နိုင်ငံရေးအယ်ဒီတာ ကိုအောင်စိုးတို့က သက်သေ ထွက်ဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။