အတိုက်အခံဆိုတာ အစိုးရလောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အတိုက်အခံဆိုတာ တစ်နေ့မှာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာ လက်ခံဖို့လိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက် ပါ တယ်။

2012.06.22
assk-london-burmese-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က လန်ဒန်မြို့ Royal Festival Hall ခန်းမကြီးတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံရောက် မြန်မာမိသားစု အသိုင်းအဝိုင်းအား မိန့်ခွန်းပြောကြားနေစဉ်။
RFA

လန်ဒန်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာသတင်းထောက်တွေနဲ့ သီးသန့် တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

"Shadow Government ဆိုတာ အများအားဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပေါ့။ အခု အန်တီတို့ အရွေးချယ်ခံ ကိုယ်စားလှယ်တွေက အင်မတန် နည်းပါသေးတယ်။ ဒါကတော့ တစ်ဆင့်ချင်း လုပ်သွားရမဲ့ ကိစ္စပါ။ အဲဒီလိုပဲ ဦးတည်ရမှာပဲ။ ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရဖို့ဆိုတာဟာ အတိုက်အခံ ဆိုတာဟာ ဒီအစိုးရ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျွန်မတို့ နိုင်ငံက လက်ခံဖို့လိုတယ်။ အခုထိတော့ ဒီသဘောတရားကိုတော့ သိပ်နားလည်သေးတယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ဒါနားလည်အောင်လည်း အန်တီတို့က လုပ်သွားရင်း ကိုယ့်ဘက်ကကိုယ် ဆောက်တည်သွားရမယ်"

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း တဲ့အခါ -

"ဒီကိစ္စနဲ့ ပတ်သက်လို့ ခဏခဏ ကျွန်မပြောပြီးပါပြီ။ သမ္မတကြီး ဦးသိန်းစိန်က တကယ်ပဲ ပြုပြင်ပြောင်းလဲမှု လိုချင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ သမ္မတကြီး တစ်ယောက်တည်းနဲ့ပဲ လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒီအစိုးရ တစ်ခုတည်းနဲ့ တောင်လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ တပ်မတော်ကလည်း ပါမှ ဖြစ်မယ်ဆိုတာ ကျွန်မ အကြိမ်ကြိမ် အခါခါ ပြောတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်တွေ့ကျကျ အခြေအနေကို ကြည့်ပြီး ပြောတာပါ။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးဆုံးကတော့ ပြည်သူပါဖို့ပဲ။ ပြည်သူက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းပေါ်မှာ ယုံကြည်မှု ရှိရမယ်။ ဒီယုံကြည်မှု အရ ခိုင်ခိုင်မာမာနဲ့ ဆက်ပြီးတော့ ရပ်တည်သွားမယ် ဆိုလို့ရှိရင် ဒီပြုပြင်ပြောင်းလဲရေးဟာ ဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်တယ်"

အလုပ်သမား ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံက အလုပ်သမား ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိဖို့လိုကြောင်း၊ ဒါမှသာ တတ်သိနားလည်သူတွေက အချိန်မီ ထောက်ပြ ပြုပြင်နိုင်မှာ ဖြစ်ကြောင်း အခုတော့ ဥပဒေတွေ ထွက်လာမှသာ ပြည်သူတွေ သိခွင့်ရကြောင်း ပြောဆို ခဲ့ပါတယ်။

ပြည်ပခရီးစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့မြင် ခံစားမိပုံကိုလည်း -

" အခု ဥရောပ ရောက်တော့လည်း ကျွန်မထင်တာထက် ပိုပြီးတော့ ဒီဥရောပနိုင်ငံက ပြည်သူ ပြည်သားတွေရော အစိုးရတွေရောက မေတ္တာ ကရုဏာနဲ့ ပြုစုစောင့်ရှောက်တယ်၊ ကြိုဆိုတယ် ဆိုတာ တွေ့ရတဲ့ အခါကျတော့ ဒါကျွန်မတို့ ကမ္ဘာကြီးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်သလို ကျွန်မမှာလည်း ဒီကမ္ဘာကြီးမှာ အားလုံးပိုပြီးတော့ ခင်ခင်မင်မင် အေးအေးချမ်းချမ်း နေနိုင်ဖို့ ကြိုးစားဖို့ တာဝန်ရှိသွားတယ်လို့ မြင်ပါတယ်"

မနေ့က လန်ဒန်မြို့မှာ ကျင်းပတဲ့ မြန်မာအသိုင်းအဝိုင်း မိသားစုတွေ နဲ့ တွေ့ဆုံပွဲ အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဗြိတိန်နိုင်ငံကို ခေတ္တရောက် ရှိနေတဲ့ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးနဲ့ ဟာသ အနုပညာရှင် ကိုဇာဂနာတို့ကလည်း သီရိမောင်မောင် ဆိုင်းအဖွဲ့နဲ့အတူ ခန်းမဆောင် အပြည့် တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ် ကို ဖျော်ဖြေခဲ့ကြပါတယ်။

မနေ့ကဗြိတိန်နိုင်ငံရောက် မြန်မာလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်  တွေ့ဆုံပွဲမှာ တက်ရောက်သူတွေရဲ့ မေးမြန်းချက်တွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်ကတစ်နာရီကြာပြန်လည်ဖြေကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က ကောက်နှုတ်တင်ပြမှာပါ။

ကောက်နှှုတ်တင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။