စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့ စင်ကာပူကို ဒီမိုကရေစီရေးလှုပ်ရှားသူတွေ တောင်းဆို
2023.10.30

မြန်မာစစ်အုပ်စု လက်ရှိအသုံးပြုခွင့်ရနေတဲ့ စင်ကာပူဘဏ်တွေနဲ့ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ စင်ကာပူကနေ ရောင်းချနေတာတွေကို အမြန်ဆုံးပိတ်ဆို့အရေးယူဖို့ ပြည်သူ သုံးသောင်းနီးပါးနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း ၄၃၀ ကျော်က စင်ကာပူအစိုးရကိုတောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကို ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုတွေက ဘန်ကောက်မြို့က စင်ကာပူသံရုံးကို အောက်တိုဘာ ၃၀ ရက်နေ့က သွားရောက် ပေးအပ်ခဲ့ကြပါတယ်။
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းထံကို လိပ်မူပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ... စစ်ကောင်စီကို စစ်လက်နက် ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာနဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုတွေ အပါအဝင် စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေရပ်တန့်စေဖို့ စင်ကာပူအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပေးဖို့ ပါရှိပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံတွင်းက ငွေကြေးစနစ်အားလုံးကို မြန်မာစစ်ကောင်စီတပ်က ဘယ်နည်းလမ်းနဲ့မှ အသုံးချခွင့်မရစေဖို့၊ စင်ကာပူဘဏ်တွေမှာရှိတဲ့ မြန်မာတရားဝင်အစိုးရသာ ပိုင်ဆိုင်တဲ့ အရန်ငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကို စစ်အုပ်စု လုံးဝသုံးစွဲခွင့် မရရှိစေဖို့နဲ့ စစ်ကောင်စီကို လက်နက်နဲ့ နည်းပညာတွေရောင်းချနေတဲ့ စင်္ကာပူကုမ္ပဏီ တွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူပေးဖို့တွေလည်း ပါဝင်ပါတယ်။
စင်ကာပူနိုင်ငံဟာ မြန်မာအာဏာသိမ်းစစ်အုပ်စုအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချနေတဲ့ တတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်နေကြောင်း နဲ့ စစ်အာဏာသိမ်းဖို့စတင်တဲ့ အချိန်ကစပြီး အနည်းဆုံး စင်ကာပူလက်နက်ကုမ္ပဏီ ၁၃၈ ခု က စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုးအထိ လက်နက်တွေ ကုန်သွယ် ရောင်းချခဲ့တယ်လို့ အိတ်ဖွင့်ပေးစာမှာ ပါရှိပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ အိတ်ဖွင့်ပေးစာကို ဘန်ကောက်မြို့ စင်ကာပူသံရုံး တာဝန်ရှိသူက လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကို အမြန်ဆုံးပိတ်ဆို့အရေးယူနိုင်ရေး စင်ကာပူအစိုးရကို ဖိအားပေးဖို့ ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ကို အောက်တိုဘာလ ၂၅ ရက်ကနေ ၃၁ နေ့အထိ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ စုပေါင်းပြုလုပ်နေတာဖြစ်ပါတယ်။