Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာပြည်က ထွက်တော့မည်
မြန်မာပြည်မှာ လူသုံးအများဆုံး ဆက်သွယ်ရေးလိုင်းတစ်ခုဖြစ်တဲ့ အူရီဒူး (Ooredoo) ကုမ္ပဏီ မြန်မာပြည်က ပြန်ထွက်တော့မှာဖြစ်တဲ့အတွက် သူ့ရင်းနှီးမြှုပ်နှံမှုကို ပြန်ရောင်းဖို့ စီစဉ်နေပြီလို့ ရိုက်တာသတင်းမှာ ဒီနေ့ညနေက ဖော်ပြလိုက်ပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့အခြေစိုက် အူရီဒူးကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဌာနကို အကြောင်း ကြားထားပြီလို့ ဆိုပါတယ်။
အူရီဒူးကိုဝယ်ဖို့ အဆိုပြုနေတဲ့ ကုမ္ပဏီတွေထဲက အလားအလာရှိတဲ့ ကုမ္ပဏီတွေက ရန်ကုန်မြို့မှာ အခြေစိုက်ထားတဲ့ Young Investment Group၊ စင်္ကာပူအခြေစိုက် Campana Group နဲ့ Skynet ကုမ္ပဏီတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အူရီဒူးကို ရိုက်တာက အီးမေးလ်ပို့ပြီး မေးမြန်းထားပေမယ့် လတ်တလောအကြောင်းမပြန်သေးသလို၊ ဝယ်ဖို့ကမ်းလှမ်းထားတဲ့ ကုမ္ပဏီတွေကို ရိုက်တာက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုတာ မရှိသေးဘူးလို့ ဆိုပါတယ်။
အခုလို အူရီဒူးကို ရောင်းတော့မယ်ဆိုတဲ့အကြောင်းကိုတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့သူ နှစ်ဦးက ထုတ်ဖော်ပြောဆိုတာလို့ သတင်းမှာ ဖော်ပြပါတယ်။ တန်ကြေးဘယ်လောက်နဲ့ ရောင်းမလဲဆိုတာတော့ မပြောသေးဘူးလို့ ဆိုပါတယ်။
အူရီဒူးကို သုံးစွဲတဲ့သူ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က ၁၅ သန်းလောက် ရှိတဲ့အတွက် သူဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ကုမ္ပဏီလည်း ဖြစ်ခဲ့ပါတယ်။
အခု ၂၀၂၂ ခုနှစ်မှာတော့ သုံးစွဲတဲ့သူ ကိုးသန်းပဲရှိပြီး ဝင်ငွေက အမေရိကန်ဒေါ်လာ သန်း ၃၃၀ ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေမှာ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တချို့ဒေသတွေမှာဆိုရင် အင်တာနက်ဖြတ်တောက်တာတွေပါ ကြုံနေရပါတယ်။