အော်ရီဒူးမြန်မာရဲ့ခုဖြေခုထော အစီအစဉ် ယာယီရပ်ဆိုင်းခံရ
2016.07.24

တယ်လီဖုန်းသုံးစွဲသူတွေကြား ဝေဖန်မှုတွေရှိနေတဲ့ အော်ရီဒူးမြန်မာရဲ့ "ခုဖြေခုထော" အစီအစဉ်ကို ယာယီရပ်ဆိုင်းဖို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ပရိုမိုးရှင်းအစီအစဉ် ပြုလုပ်မယ်ဆိုတာကို ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိခဲ့သလို ပြည်သူတွေ အကြား တုန့်ပြန်မှုမကောင်းတဲ့အတွက် ယာယီရပ်ဆိုင်းဖို့ စာထုတ်တာဖြစ်တယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ က ပြောပါတယ်။
"သူတို့ကနေ ခုဖြေခုထော အစီအစဉ်ကို ပြီးခဲ့တဲ့ ၁၈ ရက်နေ့လောက်ကတည်းကလုပ်တယ်ပေါ့၊ ဒီအစီအစဉ် ကို ပရိုမိုးရှင်းအနေနဲ့ ဆောင်ရွက်တယ်လို့ ကျနော်တို့က သိရှိရတယ်၊ ပရိုမိုးရှင်းအနေနဲ့ ဆောင်ရွက်တယ် ဆိုရင် ကျနော်တို့ရဲ့ ဆက်သွယ်ရေးကဏ္ဍ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေစာအုပ်ထဲမှာပါတဲ့ ဥပဒေအရ ကျနော်တို့ဆီကို ၁ဝ ရက် ကြိုတင်ပြီးတော့ အသိပေးအကြောင်းကြားရမယ်၊ အဲ့အတွက်ကို သူတို့ ကျနော်တို့ဆီ အကြောင်းကြားထားတာ မရှိဘူးပေါ့လေ၊ ဖေ့ဘွတ်တွေ သူ့ရဲ့ဝက်ဘ်ဆိုက်ထဲမှာတွေ့မှ ကျနော်တို့က သိရတယ်"
အဲ့ဒီအစီအစဉ်ဟာ ဆက်သွယ်ရေးဥပဒေနဲ့ ကိုက်ညီမှုရှိ/မရှိအပြင် တခြားဥပဒေတွေနဲ့ ညီညွတ်မှုရှိ/ မရှိ ကို စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ဦးမျိုးဆွေ က ပြောပါတယ်။
ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ ဖုန်းခေါ်ဆိုခတွေနဲ့ပတ်သက်ပြီး ပြောင်းလဲကောက်ခံမယ် ဆိုရင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို တစ်လ ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး ကာလတို ပရိုမိုးရှင်းပြုလုပ်မယ်ဆိုရင် ၁၀ ရက်ကြိုတင် အကြောင်းကြားရမှာဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေမှာ ပါရှိတာ ဖြစ်ပါတယ်။
"ခုဖြေခုထော" အစီအစဉ်ဟာ ကျပ်သိန်းသုံးထောင်ကျော်ဖိုး ဆုမဲတွေ ပါဝင်ပြီး ဖုန်းမက်ဆေ့ချ် ကနေ ဉာဏ်စမ်းမေးခွန်းတွေကို ဖြေဆိုရတာဖြစ်ပါတယ်။ အဖြေမှန်ရရတဲ့ အမှတ်ကို စုပေါင်းပြီး သတ်မှတ်ထားတဲ့ အမှတ်ကို ရောက်ရှိအောင် ဖြေဆိုရတာဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းတွေကို ပြန်ဖြေတဲ့ မက်ဆေ့ချ် တစ်စောင်ဟာ ငွေ ၂၀၀ ကျပ် ကျသင့်တာ ဖြစ်ပါတယ်။
အဲ့ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက်နေ့လောက်ကစတင်တာဖြစ်ပြီး အော်ရီဒူးဖုန်းသုံးစွဲသူတွေ ပါဝင်နိုင်တာဖြစ်ပါတယ်။ ပြည်သူတွေအကြား မှာ ဝေဖန်ပြောဆိုမှုတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။
ဆုကြီးအနေနဲ့ ငွေကျပ်သိန်း ၃၀၀ ရရှိမှာဖြစ်ပြီး နေ့စဉ်အတွက် ငွေကျပ်သိန်း ၃၀ ပေးသွားမှာ ဖြစ်သလို အပတ်စဉ်အနေနဲ့ စမတ်ဖုန်းနဲ့တက်ဘလက်တွေကိုလည်း ကံစမ်းမဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ အော်ရီ ဒူးမြန်မာက ကြေညာထားတာ ဖြစ်ပါတယ်။
ဆက်သွယ်ရေးဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ စိစစ်ဖို့အတွက် အော်ရီဒူးမြန်မာရဲ့ "ခုဖြေခုထော"အစီအစဉ်ကို ယာယီရပ်ဆိုင်းထားဖို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားလိုက်ပါတယ်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။