ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ထောင် ၂ နှစ် ချခံရ

2022.03.30
ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ထောင် ၂ နှစ် ချခံရ ချောင်းဦးမြို့နယ် သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်
Photo- Citizen Journalist

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို မုံရွာထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် မတ်လ ၃၀ ရက် ဒီကနေ့ ချလိုက်တယ်လို့ မိသားစုဝင် တစ်ဦးက RFA ကိုပြောပါတယ်။

"ပုဒ်မ ၅၀၅(က) တစ်မှုတည်းအတွက် ဒီနေ့ ထောင် ၂ နှစ် အမိန့်ချလိုက်တာ၊ နောက်ထပ် ၄ မှု ကျန်သေးတယ်" လို့ မိသားစုဝင်က ပြောပါတယ်။

ကိုမာန်ဇာမြေမွန်ကို ပုဒ်မ ၅ဝ၅ (က) အပြင်၊ ပေါက်ကွဲပစ္စည်း ပုဒ်မ ၂၈၆၊ အိမ်မီးရှို့မှု ပုဒ်မ ၄၃၆ စတာတွေ အပါအဝင် အမှု ငါးမှုနဲ့ စစ်ကောင်စီက စွပ်စွဲတရားစွဲထားတာ ဖြစ်ပါတယ်။

ကိုမာန်ဇာမြေမွန်ဟာ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ချောင်းဦးမြို့နယ် ရှမ်းထူးရွာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာလည်း နှိပ်စက်ခံခဲ့ရတယ်လို့ မိသားစုဝင်က ပြောပါတယ်။

“သေနတ်နဲ့ပစ်ပြီးတော့ အဖမ်းခံရတာ။ သေနတ်အချက် ၂၀ လောက် ပစ်တာမှာ မမှန်ဘဲနဲ့ ပြေးမနိုင်တော့ဘဲ အဆုံးမှာ အဖမ်းခံ ရတာ။ စစ်ကြောရေး ရောက်တော့လည်း သူတော်တော် နှိပ်စက်တာ ခံရတယ်။ လက်ချောင်းတွေကို နောက်လှန်ချိုးတယ်။ နာလို့ အော်တဲ့အခါ စစ်ဖိနပ်ကို ပါးစပ်ထဲ အော်ရမလားဆိုပြီး ထိုးထည့်တာ”

ကိုမာန်ဇာမြေမွန်ဟာ အလွတ်သတင်းထောက် တစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA) ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

ကိုမာန်ဇာမြေမွန် အပါအဝင် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ MATA အဖွဲ့ကလည်း တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။