ချောင်းဦးက စစ်ဘေးဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်နေ
2024.11.13

ဆောင်းရာသီကူးပြောင်းပြီး အအေးဓာတ်ပိုလာတဲ့အတွက် စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်သောင်းခွဲကျော် အနွေးထည်တွေနဲ့ စောင်တွေလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ရာသီဥတုအေးလာတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်းတွေကို စောင်နဲ့အနွေးထည်တွေ ပို့ပေးနေရတယ်လို့ အကူအညီပေးနေတဲ့ We are People အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လိုအပ်ချက်တွေကတော့အများကြီးပါ။ ဆောင်းတွင်းအတွက်တော့ အနွေးထည်တွေ စောင်တွေလိုအပ်နေပါတယ်ဗျ”
ဒါ့အပြင် စစ်ဘေးဒုက္ခသည်စခန်းတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
အခုလက်ရှိလည်း ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ချောင်းဦးမြို့နယ်က ကျေးရွာအများစုဟာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားတဲ့အတွက် ဒေသခံတွေ စစ်ဘေးဒုက္ခသည်အဖြစ် နှစ်ရှည်ကြာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။