ချင်းပြည်နယ် တွန်းဇံမြို့မှာ ကိုရိုနာကပ်ရောဂါကြောင့် တစ်ဦးထပ်မံသေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာ ဇွန်လ ၃ ရက် မနေ့ညပိုင်းက ကိုရိုနာကပ်ရောဂါကြောင့် တစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး၊ ကျီးခါးမြို့အပါအဝင် တွန်းဇံတစ်မြို့နယ်လုံးမှာ ရောဂါပိုးတွေ့ရှိသူ ၂၄၂ ယောက်ရှိလာပြီလို့ ဆရာဝန်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မနေ့က သေဆုံးသူဟာ အသက် (၆၆) နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နာတာရှည်ရောဂါအခံရှိတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“မနေ့ကတော့ တွန်းဇံမြို့က တစ်ယောက်ဆုံးသွားတယ်။ သူက အိမ်မှာဆုံးတာ။ ဆုံးတဲ့အခါကျမှ ကိုဗစ် Test လုပ်လိုက်တာ။ ကိုဗစ်ပိုးတွေ့တာ။ တွန်းဇံမှာ ပိုးတွေ့သူတွေကို ဆေးရုံရဲ့အပေါ်ထပ်မှာရယ်၊ မြို့ထဲ က Center မှာရယ်ထားတယ်။ ထပ်တိုးလာတဲ့လူနာတွေကိုတော့ ကျောင်းမဖွင့်သေးတော့ အထက ကျောင်းဆောင်မှာထားဖို့ စီစဉ်ထားတယ်။” လို့ တွန်းဇံမြို့မိမြို့ဖ ဦးကမ်းလျန်ပေါင် က RFA ကို ပြောပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်ဖြစ်လာတဲ့ ကိုရိုနာကပ်ရောဂါကြောင့် မနေ့က ဇွန်လ ၃ ရက်နေ့ အထိ ကျီးခါးအပါအဝင် တွန်းဇံမြို့နယ်မှာ ရောဂါပိုးတွေ့ရှိသူ ၂၄၂ ဦး၊ ဖလမ်းမြို့နယ်မှာ ၁၆ ဦးနဲ့ တီးတိန် မြို့နယ်မှာ ရှစ်ဦး စုစုပေါင်း ၂၆၆ ဦးရှိနေပြီလို့ မြို့နယ်ဆရာဝန်တွေ၊ ဒေသခံတွေနဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တွန်းဇံမြု့နယ်တစ်ခုတည်းမှာတင် မေ ၃၁ ရက်ကနေ ဇွန် ၃ ရက်နေ့အထိ သုံးရက်အတွင်းမှာ၊ ကပ်ရောဂါ ကြောင့် သေဆုံးသူ ခြောက်ဦး၊ ဖလမ်းမြို့နယ်မှာ တစ်ဦး စုစုပေါင်း ခုနစ်ဦးရှိပြီဖြစ်ပါတယ်။
ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် ပိုးတွေ့လူနာများနေတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး တမူးနဲ့ ကလေးမြို့နယ်တွေကို Stay at Home အပြင်မထွက်ဘဲ အိမ်မှာပဲနေရမယ့် မြို့နယ် တွေအဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀ မတ်လကစပြီး အခု ၂၀၂၁ ဇွန်လ ၃ ရက်နေ့အထိ တစ်နှစ်အတွင်းမှာ ပိုးတွေ့သူ ၁၄၃,၉၄၅ ရှိနေပြီး၊ သေဆုံးသူကတော့ ၃,၂၂၁ ယောက်ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။