စစ်ကိုင်းမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

2022.10.27
စစ်ကိုင်းမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရှိသူတစ်ဦးအား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: Sagaing District Medical Team

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ် အစပ် မူးမြစ်ကမ်းဘေးမှာရှိတဲ့ ညောင်ပင်သာနဲ့ကင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပေါက်ကားရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက အောက်တိုဘာ ၂၇ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာ ညောင်ပင်သာနဲ့ ကင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အဲဒီရွာတွေနဲ့ တစ်မိုင်ခွဲ လောက်ဝေးတဲ့ ပေါက်ကားရွာကို လက်နက်ကြီးနဲ့ လှမ်းပစ်ရာမှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညောင်ပင်သာ၊ ကင်းရွာကို သူတို့ဝင်စီးပြီး လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့နော်။ ပစ်တာက ပေါက်ကားဘက်ကို ပစ်တာပေါ့။ ရွာခံတွေကို မှောက်ခိုင်းထားပြီးမှ ပေါက်ကားကို ငါးချက်လောက်ပစ်တာ။ ပစ်တဲ့အခါမှာ ကြောက်လန့်ပြီးတော့ ထွက်ပြေးတဲ့ ပြည်သူထဲက အမျိုးသားတစ်ဦး သေဆုံးတယ်”

သေဆုံးသူက အသက် ၄၀ အရွယ် ကိုသိန်းဦးဖြစ်ပြီး ပေါက်ကားရွာက ခြောက်ဦးနဲ့ ကင်းရွာက တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ ဆက်သွယ်မေးမြန်းဖို့သာ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာလည်း စစ်ကြောင်းဝင်မယ်ဆိုတဲ့ သတင်းတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကင်းရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

“အခြေအနေမကောင်းဘူး အကုန်ထွက်ပြေးနေရတာ။ ရွာတွေထဲ လူမရှိတော့ဘူး။ အခုညောင်ပင်သာနဲ့ ကင်းရွာအရှေ့ဘက်မှာ စစ်သားတွေ ကင်းချထားတယ်လို့ ကြားတယ်”

လက်ရှိမှာ ကင်းရွာနဲ့ ညောင်ပင်သာရွာတွေက ဒေသခံ တစ်ထောင်လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်း အတွင်း အရပ်သား ၅၄၅,၂၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။