မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့သူ ၁၅၀ နီးပါးရှိလာ

2022.01.21
မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့သူ ၁၅၀ နီးပါးရှိလာ ရန်ကုန်မြို့ထဲ သွားလာနေသူတွေကို ၂၀၂၀၊ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ပိုးကူးစက်ခံရသူဟာ ဇန်နဝါရီလ ၂၀ ရက် မနေ့ကအထိ ၁၄၆ ဦး ရှိပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ပိုးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ယူအေအီးနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား လေးဦးမှာ ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် အချိန် တစ်လနီးပါး အတွင်းမှာ အရေအတွက် တိုးလာတာပါ။

ပိုးကူးစက်ခံရသူတွေဟာ အိန္ဒိယ၊ ယူအေအီး၊ ရုရှား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့သူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိုဗစ်-၁၉ တတိယလှိုင်းတုန်းကလည်း စစ်ကောင်စီရဲ့ မအောင်မြင်တဲ့ စီမံခန့်ခွဲမှုတွေကြောင့် လူအသေအပျောက်များခဲ့ပြီး အခုတစ်ခါ ရောဂါကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာရင်လည်း ထိန်းချုပ်နိုင်ဖို့ အားနည်းနိုင်တဲ့အတွက် ပြည်သူတွေက ကိုယ့်ကျန်းမာရေးကိုယ် ပိုဂရုစိုက်ဖို့လိုတယ်လို့ CDM ဆရာဝန် တစ်ဦးက RFA ကို ပြောပါတယ်။

"မအောင်မြင်နိုင်မယ့် စီမံခန့်ခွဲမှုလို့ ယူဆချက်ပါ၊ Third wave ကလည်း ထင်ရှားတဲ့ ဥပမာတစ်ရပ်ပါပဲ။ သူတို့က အာဏာတည်မြဲရေးသာ အဓိကထားတာဖြစ်လို့ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကိုလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ အသုံးပြုမှာ မဟုတ်ပါဘူး။ ပြည်သူတွေ အထူးသတိထားပြီး ကိုယ့်ကျန်းမာရေးကို ကိုယ့်ဘာသာ ဂရုစိုက်ကြပါလို့"

ရောဂါကာကွယ်ထိန်းချုပ်မှုမှာ အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်းမလုံလောက်တဲ့ ပြဿနာရှိနေပြီး အခုလို CDM ကာလမှာ ဒေါက်တိုင်တွေမရှိတဲ့ ကျန်းမာရေးစနစ် ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ အိုမီခရွန်နဲ့ ပတ်သက်လို့ မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် မနေ့ကည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၅၃၃၇၃၂ ဦး၊ သေဆုံး ၁၉၃၀၇ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၅၁၁၇၉၈ ဦးရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။