အစိုးရထိုးစစ်ကြောင့် ဒေသခံတွေ ထွက်ပြေး
2011.09.25

ထွက်ပြေးကြသူ အရေအတွက် အတိအကျမသိရသေးပေမယ့် ထောင်နဲ့ချီပြီး ရှိနိုင်တယ်လို့ KIA သတင်းရပ်ကွက်က ပြောဆိုပါတယ်။
တရုတ်နိုင်ငံကို သွယ်တန်းမယ့် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမယ့် ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ (၄) ဒေသမှာ အစိုးရတပ်က အင်အားတွေ တဖြည်းဖြည်း များလာပြီး လက်နက်ကြီးပစ်ကူနဲ့ တပ်တွေ ရှေ့တိုးလာတာကြောင့် ဒေသခံ ကျေးရွာတွေက ထွက်ပြေးနေကြတာပါ။
KIO အဆိုအရ တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်နေဆဲပဲလို့ သိရပါတယ်။ တပ်မဟာ (၄) ရဲ့ တပ်မဟာမှူး ဗိုလ်မှူးကြီးဇော်ရော်က- အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ ဒေသအတွင်းက တီးမား၊ မုံးစီး စတဲ့ရွာတွေ အပါအဝင် ကျေးရွာအတော်များများက ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ဘက်အထိ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
“ကြားရတာ ဒုက္ခသည်တွေ အခု လမ်းခုလတ်မှာ ရောက်နေတယ်။ တချို့ ဒုက္ခသည်တွေကျတော့ နယ်စပ်တွေမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ခိုလှုံနေတယ်လို့ သိရတယ်။ တချို့ကလည်း နီးရာနီးကြောင်း တောတောင်တွေမှာ ခိုအောင်းနေတာတွေ ရှိသလို တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးလာတာတွေလည်း ရှိတယ်။ နမ့်ဖတ်ကာ အောက်ပိုင်းက ရင်း (၈) နယ်မြေဘက်မှာ ရှိတယ်။ ပြီးရင် တပ်ရင်း (၂) နဲ့ တပ်ရင်း (၉) ဧရိယာဘက်မှာ မုံးစီးတဝိုက်ပေါ့၊ တာမိုးညဲ မြို့နယ်ခွဲ အဲဒီဒေသတွေက ခပ်များများ ဖြစ်မယ်။ ကျနော်တို့လည်း ဒုက္ခသည်စခန်း တိတိပပ လုပ်ထားတဲ့ဟာ မရှိတော့ သဘက်ခါလောက်မှ အသေအချာ သိရမယ်”
မနေ့က KIO တပ်မဟာ (၄) ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို တပ်မဟာ (၃) ဒေသ လွယ်ကျယ်မြို့ အနီးမှာလည်း တိုက်ပွဲတချို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ တရုတ်နိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းထဲမှာ ရောက်နေတယ်လို့ နယ်စပ် ‘လားရင်း’ ရွာက မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စခဲ့တဲ့ အစိုးရတပ်တွေနဲ့ KIO တိုက်ပွဲတွေ နောက်ပိုင်း မိုးမောက်၊ ဝိုင်းမော် မြို့နယ်အတွင်းက ဒေသခံတွေ ပြည်တွင်း ဒုက္ခသည်တွေအဖြစ် မြစ်ကြီးနား၊ လိုင်ဇာ ၊ မိုင်ဂျာယန်နဲ့ တောတွင်း နေရာတွေမှာ တိမ်းရှောင်နေကြသူ ၃ သောင်းလောက် ရှိတယ်လို့သိရပါတယ်။ တပ်မဟာ (၄) ဒေသ ထိုးစစ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည် အရေအတွက်ကိုတော့ အခုချိန်အထိ မသိရသေးပါဘူး။