အိုဘားမား ကို AI တိုက်တွန်း
2016.09.01

အမေရိကန်သမ္မတ အိုဘားမား အနေနဲ့ လာမယ့်အပတ်အတွင်း လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်တဲ့အခါ မြန်မာ၊ လာအိုနဲ့ ဖိလစ်ပိုင်နိုင်ငံ အစိုးရတွေကို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လျှော့နည်းပပျောက်ရေးအတွက် ဖိအားပေးဖို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အမေရိကန်ဌာနခွဲက တိုက်တွန်းလိုက်ပါတယ်။
အဲ့ဒီ AI အဖွဲ့ရဲ့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဖိနှိပ်ခွဲခြား ဆက်ဆံခံနေရမှု၊ ဖိလစ်ပိုင်မှာ ရဲတပ်ဖွဲ့က ဒုစရိုက်နှိမ်နှင်းရေးစီမံချက်နဲ့ လူအမြောက်အများကို သတ်ဖြတ်နေမှုနဲ့ လာအိုနိုင်ငံမှာ လူမှုရေးအဖွဲ့ခေါင်းဆောင်တစ်ဦး ၂ဝ၁၂ ခုကစပြီး ပျောက်ဆုံးနေမှုတွေကို သမ္မတ အိုဘားမားအနေနဲ့ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ အလေးထားပြီးပြောဆိုဖို့ ဖေါ်ပြထားပါတယ်။
အေအိုင်အဖွဲ့ အမေရိကန်ဌာနခွဲရဲ့ ညွန်ကြားရေမှူး တီကူးမား က အရှေ့တောင်အာရှအပါအဝင် ကမ္ဘာတခွင်က အစိုးရတွေအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေကို ချွင်းချက်မရှိ လိုက်နာကျင့်သုံး ရမှာဖြစ်တယ်။ လူတွေကို ဥပဒေမဲ့ တိတ်တဆိတ် ဖမ်းဆီးမှုတွေ၊ အကြမ်းဖက် ဖိနှိပ်မှုတွေကို ရှောင်ကြဉ်ရမှာ ဖြစ် ပါတယ်လို့ ပြောကြားလိုက်ပါတယ်။