ခွဲခြားမှုရှိနေသရွေ့ အောင်မြင်ရေး လမ်းကြောင်းပေါ် တက်နိုင်မှာ မဟုတ်လို့ အိုဘားမား သတိပေး
2014.04.27

မြန်မာနိုင်ငံမှာ ဘာသာ လူမျိုးဆိုင်ရာ ခွဲခြားဖိနှိပ်မှုတွေ ရှိနေသမျှ အောင်မြင်ရေးလမ်းကြောင်းပေါ် တက်လှမ်း နိုင်မှာမဟုတ်ဘဲ၊ လမ်းလွဲသွားနိုင်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက်ပါ တယ်။
မလေးရှားနိုင်ငံကို ရောက်ရှိစဉ်အတွင်း ကွာလာလမ်ပူ မြို့ မလေးရှားတက္ကသိုလ်မှာ မြန်မာအပါအဝင် အာဆီယံ ၁ဝ နိုင်ငံက လူငယ်ကိုယ်စားလှယ် တစ်ရာကျော်နဲ့ တွေ့ဆုံပြီး၊ အာဆီယံ အနာဂတ်နဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍအကြောင်းဆွေးနွေးခဲ့ပါ တယ်။ ဆွေးနွေးရင်းနဲ့ အာဆီယံလူငယ်တွေ ရဲ့မေးခွန်းတွေကို တပါတည်းဖြေကြားခဲ့ပါ တယ်။ ဆွေးနွေးပွဲတက်ရောက်ခွင့်ရခဲ့ကြတဲ့ မြန်မာ လူငယ်ကိုယ်စားလှယ် ၁ဝ ဦးထဲက ကရင် လူငယ် စောထက်အောင်ခန့်က မြန်မာပြည်တွင်းမှာရော၊ အာဆီယံဒေသတွင်းမှာပါ၊ လူမျိုး ၊ ဘာသာစကား၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေ မတူကွဲပြားခြားနားနေတဲ့ အနေအထားမှာ၊ အာဆီယံရဲ့ အနာဂတ်ခေါင်းဆောင်လောင်းတွေဖြစ်ကြတဲ့ လူငယ်တွေကို ဘယ်လိုအကြံပေးချင်ပါသလဲလို့ အင်တာနက် လူမှုရေးစာမျက်နှာကနေ မေးမြန်းခဲ့ပါတယ်။
စောထက်အောင်ခန့်ရဲ့ မေးခွန်းကို သမ္မတ အိုဘားမားက ဖြေကြားခဲ့ရာမှာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို ဖိနှိပ်နေသမျှ၊ မြန်မာဟာ သူ့ရဲ့ပြဿနာတွေအပေါ် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ မတူကွဲပြားတဲ့ ဘာသာရေးတွေ၊ မတူကွဲပြားတဲ့ လူမျိုးစုတွေ ရှိနေတာက ပြဿနာဖြစ်နေ ပါတယ်၊ ဘာသာရေးနဲ့ လူမျိုးရေးအပေါ် အခြေခံပြီး နိုင်ငံရေးအရ စုစည်းလိုက်မယ်ဆိုရင်၊ ပဋိပက္ခတွေ စတင်ပေါ်ပေါက်လာတာကို မုချမြင်တွေ့ရမှာပါ၊ အဲဒါက မြန်မာပြည်ကို အင်မတန်ဆိုးရွားတဲ့ လမ်းကြောင်းဆီ ပို့လိုက်မှာဖြစ်ပါတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
သမ္မတ အိုဘားမားနဲ့ အာဆီယံလူငယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့ပွဲကို မြန်မာနိုင်ငံက လူငယ်ကိုယ်စားလှယ် ၁ဝ ဦး တက်ရောက်ခဲ့ကြရာမှာ ယောကျာၤးလေး ၅ ယောက်နဲ့ မိန်းကလေး ၅ ယောက်စီ ပါဝင်ခဲ့ကြပါတယ်။