ဒေါ်အောင်ဆန်းစုကြည် ကို အိုဘားမား ဖိတ်ကြား
2016.07.20

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသမ္မတ အိုဘားမားက သူ့ရဲ့ သမ္မတသက်တမ်း မကုန်ဆုံးမီကာလအတွင်း အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြား လိုက်ပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Mr. Benjamin Rhodes က သမ္မတ အိုဘားမားရဲ့ ဖိတ်စာကို ဒီကနေ့ လာရောက်ပေးအပ် ခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ပြောပါတယ်။
"သူက တကယ်အဓိက လာတာကတော့ သမ္မတကြီး အိုဘားမား က ကျမတို့ နိုင်ငံခြားရေးဝန်ကြီးကို သူတို့ဆီလာလည်ဖို့ ဖိတ်စာလာပေးတာပါ၊ သမ္မတအိုဘားမား သက်တမ်းရှိနေတဲ့အချိန်လေးမှာလည်း တစ်ချက်လောက်ထိတွေ့ထားဖို့ပေါ့၊ သူကဖိတ်စာပေးရင်း ရှေ့မှာဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာတွေ ဘာတွေကူညီရမလဲဆိုတာတွေ လာပြီးတော့မေးမြန်းပြောတာပါ"
အခုလိုခေါင်းဆောင်တွေ တွေ့ဆုံကြဖို့အတွက် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတွေ ညိုနှိုင်းဆောင်ရွက်မယ်လို့ လည်း ဒေါ်အေးအေးစိုး က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာတွေ၊ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး Mr. Benjamin Rhodes နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။
Mr. Benjamin Rhodes ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။