ကန်သမ္မတ အိုဘားမား မြန်မာကို စံပြုပြောကြား


2016.09.20
obama-un-620.jpeg အမေရိကန်သမ္မတ အိုဘားမား စက်တင်ဘာလ ၂ဝ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဉ်
Photo: White House

အမေရိကန်သမ္မတ အိုဘားမား က ကမ္ဘာ့ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ကာယကံရှင်နိုင်ငံတွေရဲ့ လိုလိုလားလား ပူးပေါင်းပါဝင်မှုဟာ အဓိကအခန်းက ပါဝင်တယ်လို့ မြန်မာနိုင်ငံနဲ့ ကျူးဘားနိုင်ငံတွေကို စံထား ပြောကြား လိုက်ပါတယ်။ အဲဒီလို သက်ဆိုင်ရာနိုင်ငံတွေက ဆန္ဒရှိရှိနဲ့ ပူးပေါင်းပါဝင်ကြတဲ့အခါမှာ ပဋိပက္ခတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့ပါတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့က မိန့်ခွန်းပြောကြားရာမှာ သမ္မတ အိုဘားမား က ထည့်သွင်းပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် မိန့်ခွန်းပြောကြားဖို့ ရှိနေစဉ်အတွင်း အမေရိကန်သမ္မတ က ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ပြဿနာတွေကို အမေရိကန်ပြည်ထောင်စု အပါအဝင် အင်အားကြီးနိုင်ငံတွေချည်းပဲ ဖြေရှင်းလို့ မဖြစ်နိုင်ကြောင်းလည်း သူက ပြောပါတယ်။ သမ္မတ အိုဘားမားက ဒီနေ့ ကမ္ဘာကြီးမှာ လူမျိုးရေး ဘာသာရေး အစွန်းရောက်သူတွေ၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ဝါဒီတွေ တနေ့တခြား ပိုမိုများပြားလာနေကြောင်းနဲ့ အဲဒီ လက်ဝဲစွန်းနဲ့ လင်္ကျာစွန်းသမားတွေ ဖန်တီး တဲ့ ပြဿနာတွေကို ဥပက္ခပြုထားလို့ မဖြစ်နိုင်တော့ကြောင်း ပြောပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမား က ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေအနေနဲ့ လူမျိုးရေး ဘာသာရေးခွဲခြားမှုတွေကို အတူတကွ ပူးပေါင်းတိုက်ဖျက်ဖို့လိုကြောင်းနဲ့ မိမိတို့တိုင်းပြည်ကို အုတ်တံတိုင်းခတ်ပြီး သီးခြားနေမယ်ဆိုရင် မိမိကိုယ်မိမိ အကျဉ်းချထားရာ ရောက်သွားမှာဖြစ်ကြောင်း စသဖြင့် ကုလသမဂ္ဂမှာပြောကြားတဲ့ သူ့ရဲ့ သမ္မတသက်တမ်း အတွင်း နောက်ဆုံးအကြိမ်မိန့်ခွန်းမှာ မနေ့က ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

ဒီအတောအတွင်း နောက်ဆုံးရသတင်းတပုဒ်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်္ဘလာအတွင်း ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရသွားရောက်မှာဖြစ်တယ်လို့လည်း ကျိုဒို သတင်းဌာနက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။