ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ

ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်ထောင်စု လွှတ်တော် တက်ရောက်နိုင်ရေးအတွက် ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေတယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။

2012.04.29
parliament-session-b305 ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော်မှာ လွှတ်တော်တက်ရောက်နေကြသော လွှတ်တော်ကိုယ်စားလှယ်များ ကို တွေ့ရစဉ်
Photo: RFA

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့ မနေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ရာမှာ အဲဒီလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိက သဘောတူခဲ့တဲ့ အချက်သုံးချက်ကို ဒေါက်တာအေးမောင်က-

" တစ်အချက်က လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ နိုင်ငံကောင်းကျိုးကို ကြည့်ပြီး ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တိုင်းရင်းသားပါတီများ စတဲ့ မိတ်ဖက်ပါတီများနှင့် တသီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်များက လိုလိုလားလားနှင့် လွှတ်တော်သို့ ပါဝင်လာစေခြင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက် သုံးအချက်က အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်ရန် နှစ်ဘက်လုံးမှ သဘောတူကြပါတယ် " လို့ပြောပြပါတယ်။

NLD အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်နိုင်ဖို့ လွှတ်တော်တွင်း ဝိုင်းဝန်းကြိုးပမ်းနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ (၁၃) ပါတီ အပါအဝင် တသီးပုဂ္ဂလအမတ်တွေ ကိုယ်စားပြုပြီး ဒေါက်တာ အေးမောင်က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တာပါ။

ဒါ့အပြင် ဧပြီလ (၂၅) ရက်နေ့ကလည်း အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဆီကို ပြေလည်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးဟာ ဒီကနေ့မှာ တရားဝင် ပြီးဆုံးမှာဖြစ်ပေမယ့် အမျိုးသား ပြည်သူ့လွှတ်တော် ဆွေးနွေးပွဲတွေကို မေလ (၁) ရက်နဲ့ (၂) ရက်နေ့တွေအထိ ဆက်လက်ကျင်းပဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။