ရခိုင်ဝန်ကြီးချုပ် ဦးညီပု ရွေးကောက်ပွဲအမှု ပြန်ခေါ်သက်သေ စစ်ဆေး

2022.03.10
ရခိုင်ဝန်ကြီးချုပ် ဦးညီပု ရွေးကောက်ပွဲအမှု ပြန်ခေါ်သက်သေ စစ်ဆေး NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရွေးကောက်ပွဲ မဲမသမာမှုနဲ့ စွဲချက်တင်ခံထားရတဲ့ NLD အစိုးရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို စစ်တွေအကျဉ်းထောင် အထူးတရားရုံး မှာ မတ်လ ၁၀ ရက်နေ့ ဒီနေ့မှာ ရုံးထုတ်ခဲ့ပြီး ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးခဲ့တယ် လို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းအောင်က RFA ကို ပြောပါတယ်။

ပြန်ခေါ်သက်သေဖြစ်တဲ့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်ကို စစ်ဆေးခဲ့တာဖြစ်ပြီး လာမယ့် မတ်လ ၁၄ ရက်နေ့ကို ဝန်ကြီးနှစ်ဦးကို စစ်ဆေးဖို့ ရုံးချိန်းလိုက်တယ်လို့ ရှေ့နေ ဦးဝင်းအောင်က ပြောပါတယ်။

"ဒီနေ့ ဝန်ကြီး နှစ်ဦးလုံးကို ရုံးထုတ်တယ်။ ပြီးတော့ ပြန်ခေါ်သက်သေ တစ်ဦးကို စစ်တယ်။ လာမယ့် ၁၄ ရက်နေ့မှာ ဝန်ကြီး နှစ်ဦးလုံးကို စစ်ဆေးဖို့ ရုံးချိန်းလိုက်တယ်။ ပြီးတော့မှ တရားခံသက်သေတွေကို စစ်မှာပေါ့။ တရားခံသက်သေ ကတော့ သုံးယောက်ရှိတယ်"

အခုလက်ရှိ ဝန်ကြီးနှစ်ဦးလုံးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့လည်း ပြောပါတယ်။

ဦးညီပုနဲ့ ဦးမင်းအောင် တို့ဟာ ရွေးကောက်ပွဲ မဲမသမာမှု ပြုလုပ်တယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၁၃၀(က) နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး တရားစွဲဆို ခဲ့တာပါ။

ဦးမင်းအောင်ကတော့ ဦးညီပုရဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်တွေကို အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၀၉ နဲ့လည်း ထပ်တိုး တရားစွဲ ခံထားရပါတယ်။

ဝန်ကြီးချုပ် ဦးညီပုဟာ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ အတွက် ထောင်ဒဏ် ကိုးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ဦးမင်းအောင်ကတော့ ပုဒ်မ - ၅၅ အတွက် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။