မိုးကုတ်မြို့ အထက်ညောင်ကုန်းရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ နေအိမ်တွေ ပျက်စီး
2023.10.22

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းရွာကို အောက်တိုဘာလ ၂၁ ရက် မနေ့ညနေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ဆယ်လုံးထက်မနည်း မီးလောင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အထက်ညောင်ကုန်းရွာအနီးမှာ အောက်တိုဘာလ ၂၁ ရက်က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ ၄၄၊ ခလရ ၈၈ တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာတာလို့ ဆိုပါတယ်။
မနေ့က အထက်ညောင်ကုန်းရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ထိခိုက်သေဆုံးမှု များခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ (၃၆) ကြိမ် ပစ်ခတ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုပါ လုပ်ခဲ့တာလို့ TNLA က အောက်တိုဘာလ ၂၁ ရက် မနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က TNLA တပ်မဟာ ၂ စစ်ဒေသတွေကို ထိုးစစ်ဆင်လာတာကြောင့် ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
TNLA တပ်မဟာ ၁ ဒေသ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်မှာလည်း အောက်တိုဘာလ ၂၁ ရက်က TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနဲ့ လက်နက်ခဲယမ်း တချို့ သိမ်းဆည်းခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။