မိုးကုတ်မှာ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

RFA Burmese
2024.07.14
မိုးကုတ်မှာ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ မိုးကုတ်မြို့ အရှေ့ပိုင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်များကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Nay Min Kha

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့၊ မြို့မရပ်ကွက်က အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဗိုလ်ကုန်းရပ်ကွက် ဒေသခံတစ်ဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းက နေရာအနှံ့အပြားကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့ မိုးကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းမှာဖြစ်တာ မြို့မရပ်ကွက်က တစ်ယောက်ကတော့ လက်နက်စထိမှန်ပြီး သေသွားတယ်။ ဗိုလ်ကုန်း ရပ်ကွက်က တစ်ယောက် သေတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်။ သဖန်းပင်ရပ်ကွက်မှာဆို အိမ်ခေါင်မိုးတွေ ဆန်ခါပေါက်ဖြစ်သွားတယ်”

လူသေဆုံးထိခိုက်မှုတွေအပြင် မိုးကုတ်မြို့ အရှေ့ပိုင်း ဈေးဟောင်းရပ်ကွက်က လူနေအိမ် ငါးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးက မိုးကုတ်မြို့က အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိရှိသေးကြောင်း RFA ကို ပြောပါတယ်။

မိုးကုတ်မြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းကပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

TNLA ကတော့ မိုးကုတ်မြို့အနောက်ပိုင်းက စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်ထားပြီး အရှေ့ပိုင်းကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ဇူလိုင် ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။