ရွေးကောက်ပွဲနီးသော်လည်း နိုင်ငံရေးအကျဉ်းသားဦးရေ တိုးနေဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ် ဆိုပေမဲ့ နိုင်ငံရေးအကျဉ်သားတွေ မလွတ်မြောက်သေးတဲ့အပြင် ထပ်ပြီးတော့တောင် တိုးလာနေတဲ့ အခြေအနေတွေ တင်ပြထားတဲ့ ရွေးကောက်ပွဲ အထူး အစီရင်ခံစာ တစောင်ကို AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

2010.11.03
prisoners_AAPP_bo_kyi_305_z.jpg AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို တွေ့ရစဉ်
(Photo: AFP)

ဒီအစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ နည်းမျိုးစုံ ဆက်ရှိနေသေးတဲ့ အခြေအနေ၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းနေဆဲ အခြေအနေတွေကို မီးမောင်းထိုး ပြထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က RFA ကို အခုလို ပြောပါတယ်။

“လက်ရှိ မြန်မာနိုင်ငံထဲမှာ အဖမ်းအဆီးတွေ နှိပ်စက်ညှဉ်းပမ်းမှုတွေက ဆက်ပြီး ဖြစ်နေသေးတယ်။ အထဲမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကလည်း အခုဆိုရင် ၂,၂၀၃ ယောက်အထိကို တိုးလာတာမျိုးတွေ ရှိတယ်။ ဒီ နိုင်ငံရေး အကျဉ်းသားတွေက မြန်မာနိုင်ငံရေး အပြောင်းအလဲအတွက် အဓိကကျတဲ့သူတွေ အများကြီးပါတယ်။ အဲဒီလူတွေကို မလွှတ်ပဲနဲ့ ဒီရွေးကောက်ပွဲကို လုပ်မယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဖူး။ နောက်တခုက နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ်ဆိုတဲ့ ပြယုဂ်က မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်တွေ မရှိဘူး။ အဲလို မရှိပဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုလို့ရှိရင် ဒီ ရွေးကောက်ပွဲဟာ တကယ် လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဖူးဆိုတာကိုလည်း နိုင်ငံတကာကို သိစေချင်ပါတယ်။ ဒါကြောင့်မို့ ဒီဟာကို ထုတ်ပြန်ကြေညာရခြင်း ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ခုတကြိမ် ရွေးကောက်ပွဲထိ အနှစ်နှစ်ဆယ်လုံးလုံး ထောင်သွင်း အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး အယောက် ၃၀ လောက် ရှိတယ်လို့ ဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၅ ယောက်က စစ်အစိုးရလက်ထက် ကျင်းပတဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်လုံးမှာ ထောင်ချခံထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး ရှိပြီး၊ NLD ပါတီဝင်နိုင်ငံရေးအကျဉ်းသား ၄၁၃ ဦး၊ ရှမ်း ၊ ကရင်၊ ကချင် ရခိုင်၊ မွန် စတဲ့ တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသား ၂၃၃ ဦး၊ သတင်းထောက် ဘလော့ဂါ၊ စာနယ်ဇင်းသမားက အနည်းဆုံး အယောက် ၄၀ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာ ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး AAPP နဲ့ RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။