ICJ ရဲ့ မြန်မာဆိုင်ရာဆုံးဖြတ်ချက် NUG ကြိုဆို

2022.07.23
ICJ ရဲ့ မြန်မာဆိုင်ရာဆုံးဖြတ်ချက် NUG ကြိုဆို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး ((ICJ) မှာ ကြားနာစစ်ဆေးစဉ်က - ၁၁ ဒီဇင်ဘာ ၂ဝ၁၉
REUTERS

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတဲ့ အမှုနဲ့ပတ်သက်ပြီး မြန်မာဘက်က ကနဦးကန့်ကွက်ချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ပယ်ချလိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုမှာ ICJ အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက် (၄) ခုစလုံးကို ပယ်ချပြီး၊ အမှုကို ဆက်လက် ကြားနာစစ်ဆေးဖို့ ICJ က ဆုံးဖြတ်ခဲ့တာပါ။

တရားရုံးစီရင်ချက်ကြောင့် ရခိုင်ပြည်နယ်မှာ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြားနာစစ်ဆေးဖို့ လမ်းပွင့်သွားစေတယ်လို့လည်း ဇူလိုင်လ (၂၂) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NUG ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်းနဲ့ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရဖို့ NUG က ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့မှာ ICJ ကို တင်ပြထားပြီး၊ မြန်မာနိုင်ငံဘက်က ကနဦးကန့်ကွက်ချက်တွေကို ရုပ်သိမ်းကြောင်းလည်း အကြောင်းကြားထားပါတယ်။

မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ICJ အနေနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ အမှုကို ဆက်လက် ရင်ဆိုင် ဖြေရှင်းသွားမှာဖြစ်ကြောင်း ဇူလိုင်လ (၂၃) ရက်နေ့ စနေနေ့မှာပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

NUG ကတော့ မြန်မာနိုင်ငံမှာ ၂ဝဝ၂ ခုနှစ်ကစ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် နိုင်ငံတကာတရားရေး အဖွဲ့အစည်းတခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့်အာဏာကို လက်ခံကြောင်း ပြောဆိုထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ လုပ်ငန်းတွေကိုလည်း ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း NUG ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။