ICJ အနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသည့် "အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ" ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသည့် "အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ" ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ (Permanent Mission of Myanmar to the United Nations)

နိုင်ငံတကာ တရားရုံး (ICJ) အနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုတာမရှိတဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီမှုရှိဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်မတီက"အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ" ခေါင်းစဉ်နဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်တာပါ။

ကုလသမဂ္ဂရဲ့ အဓိကအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ICJ တရားရုံးရဲ့ ဘယ်ဆုံးဖြတ်ချက်မဆို အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ ဟန်ချက်ညီဖြစ်ရမယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုင်ငံတကာ ဥပဒေရဲ့ အခြေခံမူအရ တရားမဝင် အာဏာသိမ်းသူတွေအနေနဲ့ နိုင်ငံတကာတရားရုံးတွေမှာ နိုင်ငံရဲ့ ကိုယ်စားပြုခွင့်အပါအဝင် ဥပဒေဆိုင်ရာအခွင့်အရေးတွေ တောင်းဆိုခွင့်မရှိတာကို ပြဋ္ဌာန်းထားတယ်လို့ ထောက်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုအဆင့်ထက်ကျော်လွန်ပြီး လူသားမျိုးနွယ်စုတစ်ရပ်လုံးအပေါ် ထိပါးတိုက်ခိုက်ဖြစ်ကြောင်း၊ ICJ အနေနဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်တွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို နေရာပေးခြင်းဟာ နိုင်ငံတကာ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာ အခြေခံမူတွေအပေါ် ထိခိုက်ပျက်စီးလာနိုင်မှုကိုလည်း သုံးသပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်စေဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးပြုလုပ်ဖို့ တာဝန်ရှိတယ်လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲပါတယ်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်မတီက"အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ" ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၆၀) ကျော်က ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတာပါ။