မြန်မာကို ICJ မှာ တရားစွဲထားတဲ့အမှုမှာ စလိုဗေးနီးယားပါဝင်လာ
2024.12.06

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို တင်ထားတဲ့အမှုမှာ ပါဝင်ခွင့်ပြုဖို့ စလိုဗေးနီးယားနိုင်ငံက ပါဝင်လျှောက်ထားလာတယ်လို့ ICJ က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို တရားရုံးဥပဒေပုဒ်မ (၆၃) အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆလိုဗေးနီးယားနိုင်ငံက လျှောက်ထားလာတာလို့ ဆိုပါတယ်။
ဒီအမှုမှာ ပါဝင်ခွင့်လျှောက်ထားခဲ့ကြတဲ့ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လဒိုက် ခုနစ်နိုင်ငံကိုလည်း တရားလို ဂမ်ဘီယာနိုင်ငံဘက်က ပါဝင်ခွင့်ပြုကြောင်း ICJ က အခုနှစ်၊ ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုမှုမှာ ဂမ်ဘီယာနိုင်ငံဘက်က ရှစ်နိုင်ငံအထိ ပါဝင်လာကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ အနောက်အာဖရိက ဒေသထဲက ဂမ်ဘီယာနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာအာဏာပိုင်တွေကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂက ဖွဲ့စည်းခဲ့တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကလည်း အဲဒီ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်လို့ တင်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ခဲ့သလို အဲဒီတင်ပြချက်ဟာ တစ်ဖက်သတ်ဆန်ပြီး အားနည်းချက်တွေရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာ ငြင်းဆိုခဲ့ပါတယ်။
ဒီငြင်းဆိုချက်ကို ၂၀၂၂ ခုနှစ်မှာ ICJ ကပယ်ချခဲ့ပြီး အမှုကို ဆက်လက် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။