ကသည်း သုံ့ပန်းနဲ့ ရုပ်အလောင်းတွေကို အိန္ဒိယထံ NUG လွှဲပြောင်း
2024.10.28

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အရှင်ဖမ်းမိတဲ့ ကလည်းလက်နက်ကိုင်တစ်ဦးနဲ့ ရုပ်အလောင်းသုံးခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစီအစဉ်နဲ့ အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက အောက်တိုဘာလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်က တမူးမြို့နယ် တမူး-ကလေးကားလမ်း နန်းမွန်းတား ရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းကို ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ကသည်း လက်နက်ကိုင်သုံးဦး သေဆုံးပြီး တစ်ဦးကိုလည်း PDF က အရှင်ဖမ်းမိခဲ့တာပါ။
အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ အိန္ဒိယအစိုးရနဲ့ NUG တို့ ချိတ်ဆက်ပြီး တမူး- မိုရေး နယ်စပ်ဂိတ်မှာ ရုပ်အလောင်းတွေနဲ့ ဖမ်းမိသူတွေကို ပြန်လွှဲပေးခဲ့တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ရှိသူက RFA ကို ပြောပါတယ်။
“ကသည်း လက်နက်ကိုင် သူပုန်တွေက စစ်ကောင်စီနဲ့ ပေါင်းပြီး ကျွန်တော်တို့ တော်လှန်ရေးသမားတွေကို နယ်မြေကျော်ပြီး လာတိုက်တာ အခုတိုက်ပွဲဖြစ်တဲ့နေရာက အိန္ဒိယနိုင်ငံထဲမဟုတ်ဘူး နယ်စပ်နားမှာလည်း မဟုတ်ဘူး။ တမူး-ကလေး လမ်းမကြီးဘေးမှာ တိုက်ပွဲဖြစ်တာ။ အထက်အမိန့်အရ အစိုးရချင်း ပြန်လွဲပေးတာပေါ့”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးသလို ကသည်းလက်နက်ကိုင်တွေဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
အာဏာမသိမ်းခင်ကတည်းက တမူးမြို့နယ်ထဲမှာ အိန္ဒိယကနေ ခွဲထွက်ရေးလှုပ်ရှားတဲ့ ကသည်း လက်နက်ကိုင်တွေ ခြေကုပ်ယူ လှုပ်ရှားမှုတွေရှိနေပြီး ၂၀၁၇ ခုနှစ်ကတော့ တမူးခရိုင်ကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ကသည်းလက်နက်ကိုင်တွေအရေး ဖြေရှင်းပေးဖို့ လွှတ်တာ်မှာ တောင်းဆိုဖူးပါတယ်။
တမူးမြို့နယ်ထဲမှာ ကသည်းလက်နက်ကိုင်အရေအတွက် ရာဂဏန်းခန့်ရှိနိုင်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ခန့်မှန်းထားပါတယ်။