ခါမ်းပါတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား သုံးဆယ်ခန့် သေဆုံးကြောင်း NUG ထုတ်ပြန်

RFA Burmese
2023.12.17
ခါမ်းပါတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား သုံးဆယ်ခန့် သေဆုံးကြောင်း NUG ထုတ်ပြန် စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သိမ်းဆည်းရမိသည့် စစ်လက်နက်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Ministry of Defence – NUG

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်အထိ စစ်ကောင်စီ တပ်သား သုံးဆယ်ခန့် သေဆုံးပြီး ၁၈ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ထံကနေ MA-10 RPG 7 တစ်လက် အပါအဝင် လက်နက်မျိုးစုံ (၁၇) လက် သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းနှစ်ဦးပါ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ခါမ်းပါတ်မြို့မှာ ကလေးမြို့နယ်ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အမှတ် (၇၇) တပ်မဌာနချုပ် လက်အောက်ခံ ခမရ (၃၉၁)၊ ခလရ (၂၂၈) တပ်တို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ငါးရက်ကြာတိုက်ပွဲဖြစ်ခဲ့တာပါ။

ဒီဇင်ဘာ ၁၆ ရက် မနေ့မနက် ၉ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ခါမ်းပါတ်မြို့ကနေ ပြန်ဆုတ်သွားတယ်လို့ တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းတွေကတော့ ပြေးသွားကြပြီ။ လေကြောင်းလောက်ပဲရှိမယ်။ စစ်ကြောင်းက မနေ့က ပြေးသွားတာ။ ကျွန်တော်တို့ ဒီခါမ်းပါတ်ခံစစ်ကုန်းရှိတယ်။ ခံစစ်ကုန်းကို ကျော်ပြီးမှ အဲမှာ တခြားကုန်းတစ်ခုကို အကာအကွယ် ယူပြီးတော့ သူတို့နေကြတာမှာ အခုတော့ လုံးဝကိုပြေးသွားကြပြီ။ မနေ့ကစပြီး ကျွန်တော်တို့ဘက်နေ နယ်မြေ ရှင်းလင်းရေး ပြန်ဝင်ကြတယ်။ အလောင်းတွေရော၊ လက်နက်တွေရော တွေ့တယ်”

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က နှစ်ဦးဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ဒဏ်ရာရတဲ့ အရေအတွက် အပါအဝင် နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လက်ရှိ တိုက်ပွဲငြိမ်နေပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့က ရှင်းလင်းရေးလုပ်နေပေမယ့် လေကြောင်းရန်ကြောင့် ပြည်သူတွေကတော့ ဘေးလွတ်ရာမှာပဲ ထွက်ပြေးတိမ်းရှောင် နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။

ခါမ်းပါတ်မြို့ တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်လေးခုနဲ့ အနီးအနားရွာတွေက လူဦးရေငါးထောင်နီးပါး အိန္ဒိယနယ်စပ် အပါအဝင် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။