လေကြောင်းရန်ကြောင့် မြိုင်မြို့နယ်က NUG စာသင်ကျောင်းတွေ ပိတ်ထား

2024.05.12
လေကြောင်းရန်ကြောင့် မြိုင်မြို့နယ်က NUG စာသင်ကျောင်းတွေ ပိတ်ထား မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ကျောင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။
မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့

လေကြောင်းက တိုက်ခိုက်ခံရမှာ စိုးရိမ်တာကြောင့် မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့အခြေပြု စာသင်ကျောင်းတွေအားလုံး မေလ ၁၃ ရက် ဒီနေ့ကစလို့ ပိတ်ထားလိုက်ကြောင်း မြိုင်ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် မြေပြင်မှာဖွင့်ထားတဲ့ စာသင်ကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်တွေအားလုံး ရပ်ဆိုင်းမဲ့အကြောင်း မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်တာ မရှိသေးပေမဲ့ ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်တဲ့အခါ မြိုင်မြို့နယ်ထဲက ဖြတ်သန်းသွားလာနေတဲ့ လေယာဉ်တွေ များပြားလာတာကြောင့် စာသင်ကျောင်းတွေ ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြိုင်ဒေသခံတစ်ဦးကတော့ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကလေးတွေရဲ့ ပညာသင်ကြားရေး ထိခိုက်တယ်လို့ RFA ကို ပြောပါတယ်။

“ကလေးတွေအတွက်တော့ ပညာသင်ကြားရေးထိခိုက်သွားတာပေါ့။ ဒါပေမဲ့လည်း လေကြောင်းတိုက်ခိုက်မှုက ဖြစ်လာနိုင်တာဆိုတော့ ပိတ်ထားကြရတာပဲ။ ဒီနယ်မှာက NUG ပြည်သူ့အခြေပြုကျောင်းတွေများတယ်”

မြိုင်တောင်ပိုင်းဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း အင်အား ရှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ရေစကြိုမြို့နယ်ဘက်ကနေ မြိုင်မြို့နယ်ထဲဝင်လာတယ်လို့ RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေရပြီး မြိုင်မြို့နယ်ထဲမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာမှာ စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာကို မေလ ၉ ရက်နေ့မှာ လေကြောင်းကတိုက်ခိုက်လို့ လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရခဲ့သလို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာလည်း မေလ ၁၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်လို့ လူ ခြောက်ဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။