မြန်မာအရေး တရုတ်ကြားဝင်ညှိနှိုင်းမှုကြိုဆိုကြောင်း NUG ယာယီသမ္မတပြော
2023.03.21

မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ကြား၀င်ဆောင်ရွက်ပေးမှုကို အသိအမှတ်ပြုကြောင်းနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို တားဆီးရေးအတွက် အခုထက်ပိုမိုလုပ်ဆောင်ပေးဖို့ တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
မတ်လ ၂၁ ရက်နေ့ ဒီနေ့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလို ပြောလိုက်တာပါ။
"တရုတ်နိုင်ငံနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်ပါစေလို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ လုပ်ရပ်မျိုး ဘယ်သောအခါမှ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောလိုပါတယ်။ မြန်မာ့အရေးအတွက် တရုတ်နိုင်ငံရဲ့ကြား၀င်လုပ်ဆောင်ပေးမှုကိုလည်း ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ပိုမိုဆောင်ရွက်ပေးဖို့ကို တိုက်တွန်းလိုပါတယ်" လို့ ဒူဝါလရှီးလက ပြောပါတယ်။
NUG အနေနဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာမျက်နှာစာကို ချပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ယာယီသမ္မတက ဒီနေ့အစည်းအဝေးမှာ ပြောပါတယ်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျန်းဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ တရုတ်-မြန်မာနယ်စပ်က မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တွေကို တစ်ဖွဲ့ချင်းစီ တွေ့ဆုံခဲ့သလို၊ မတ်လ ၆ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တရုတ်အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုကြောင်း မတ်လ ၁၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။