တော်လှန်ရေးပဋိဉာဉ်နဲ့ တပ်ပေါင်းစု ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော

RFA Burmese
2025.02.12
တော်လှန်ရေးပဋိဉာဉ်နဲ့ တပ်ပေါင်းစု ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ။
NUG

ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိဉာဉ်တစ်ရပ် ပေါ်ပေါက်ဖို့နဲ့ တိုင်းရင်းသားလူမျိုးစုအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ် အခမ်းအနားမှာ ယာယီသမ္မတက ပြောကြားခဲ့တာပါ။

“နွေဦးတော်လှန်ရေးအတွင်းမှာ ပင်လုံသဘောတူညီမှုကဲ့သို့ ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ပေါက်ရေးကို ကျွန်တော်တို့ အလိုရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုအားလုံး ပေါင်းစည်းဖွဲ့တည်ထားတဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစုကြီး ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့ အားလုံး မျှော်လင့်ထားကြပါတယ်”

လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ပါ ပါလာတာဟာ ပင်လုံသဘောတူညီချက်တွေထဲက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လျစ်လျူရှုခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

လက်ရှိတော်လှန်ရေးဟာ နိုင်ငံရေးအရ၊ လူမျိုးရေးအရနဲ့ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေးဖြစ်ပြီး ဗမာနဲ့ တိုင်းရင်းသား ခွဲခြားတော်လှန်နေတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သတိချပ်ဖို့ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးတာဝန်တွေကို လက်ရှိမျိုးဆက်မှာပဲ အပြီးသတ် တာဝန်ထမ်းဆောင်ကြဖို့နဲ့ မျိုးဆက်သစ်တွေကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေး လက်ဆင့်ကမ်းကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး(CNF)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC) အပါအဝင် စစ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။