စစ်ကောင်စီရဲ့ အမာခံတပ်အင်အားတွေ ပြုန်းတီးလာနေပြီလို့ NUG ထုတ်ပြန်
2024.05.05

စစ်ကောင်စီရဲ့ အမာခံတိုက်ခိုက်ရေး အင်အားတွေဖြစ်တဲ့ တပ်မ ၁ဝ ခုနဲ့ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်ပေါင်း အခု ၂ဝ မှာရှိတဲ့ စစ်အင်အားသုံးပုံနှစ်ပုံကို ယိုယွင်းပြုန်းတီးအောင် လုပ်ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေလ ၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့မှာ အစီရင်ခံစာထုတ်ပြန်တာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေထုတ်ပြီး အတင်းအဓမ္မ တပ်သားစုဆောင်းနေတာ၊ စစ်တပ်ထိပ်ပိုင်းအရာရှိတွေကို မကြာခဏအပြောင်းအလဲ လုပ်နေတာတွေကို ကြည့်ရင် စစ်ရေးနိမ့်ပြီး၊ တပ်တွင်းကွပ်ကဲမှု ဖရိုဖရဲဖြစ်နေတာကို ပြနေတယ်လို့ ဆိုပါတယ်။

PDF တပ်ဖွဲ့တွေဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒေသတိုင်းမှာ တိုက်ပွဲဝင်နေသလို၊ စစ်ရေးဖန်တီးနိုင်မှု အခြေအနေဟာ တော်လှန်ရေးအင်အားစုတွေလက်ထဲ အပြည့်အဝ ရောက်နေပြီလို့လည်း NUG က ပြောပါတယ်။
PDF တပ်ဖွဲ့တွေ လက်နက်တပ်ဆင်နိုင်ရေးဟာ ပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းမှုငွေကိုသာ အားထားနေရပြီး၊ သုံးနှစ်တာအတွင်း လက်နက်ကြီးသုံးစွဲနိုင်စွမ်း မြင့်တက်လာသလို၊ ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုလည်း အင်အားတိုးချဲ့နေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
PDF ထူထောင်ခြင်း သုံးနှစ်ပြည့်ချိန်မှာ ထုတ်ပြန်တဲ့ NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထားကိုမေးမြန်းနိုင်ဖို့ စစ်တပ်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့လထဲမှာ အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်တဲ့ဖြစ်ရပ်တွေ အများဆုံး ကျူးလွန်နေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ဒေသခံ PDF တပ်ဖွဲ့တချို့လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။
NUG ကတော့ သူတို့လက်အောက်ခံ PDF တွေကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ အလေးအနက်လိုက်နာဖို့ ထိန်းကျောင်းထားတယ်လို့ ဒီနေ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိနိုင်ငံတစ်ဝန်း နယ်မြေ ၆၀ ရာခိုင်နှုန်းကျော် စိုးမိုးထိန်းချုပ်နိုင်ပြီလို့ NUG အစိုးရက ကြေညာထားပြီး အဲဒီဒေသမှာ အုပ်ချုပ်ရေးယန္တရား ထူထောင်ဖို့ လုပ်သွားမယ်လို့လည်း ဒီကနေ့ ထပ်မံပြောဆိုလိုက်ပါတယ်။