စစ်ရာဇဝတ်မှုတွေ တားဆီးပေးဖို့ နိုင်ငံတကာကို NUG တောင်းဆို
2025.01.26

ကျန်းမာရေးကဏ္ဍနဲ့ ပြည်သူတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတာအပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကို နိုင်ငံတကာအနေနဲ့ လျစ်လျူရှုမထားဘဲ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲဆေးရုံနဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်က ဆေးရုံကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာမျိုးတွေ ထပ်မဖြစ်အောင် နိုင်ငံတကာကို တားဆီးပေးဖို့ NUG က တောင်းဆိုတာ ဖြစ်ပါတယ်။
အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိနေပေမဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ လက်တွဲပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ဆက်လက်ကြိုးပမ်ဆောင်ရွက်သွားမယ်လို့လည်း NUG က ပြောထားပါတယ်။
ကျောက်မဲဆေးရုံကို စစ်ကောင်စီက ဇန်နဝါရီ ၂၅ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM သူနာပြု ဆရာမ တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အလားတူ ဘားအံမြို့နယ်က ဖလံတောင်ဆေးရုံကိုလည်း ဇန်နဝါရီ ၂၂ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံထိခိုက်ပျက်စီးခဲ့ပါတယ်။ ထိခိုက်သေဆုံးခဲ့ရသူတွေ တရားမျှတမှုရဖို့အတွက် စစ်ကောင်စီနဲ့ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အရေးယူဆောင်ရွက်ရမယ်လို့လည်း NUG က ပြောထားပါတယ်။
စစ်ကောင်စီအနေနဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာလို့လည်း NUG ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
NUG ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။