လူသားချင်းစာနာမှု အကူအညီ ၅ ဘီလီယံကျော် ပေးနိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

RFA Burmese
2024.02.02
လူသားချင်းစာနာမှု အကူအညီ ၅ ဘီလီယံကျော် ပေးနိုင်ခဲ့တယ်လို့ NUG ထုတ်ပြန် သိန္နီမြို့နယ်အတွင်းကနေ လားရှိုးမြို့ပေါ်သို့ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
RFA

၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းကအကူအညီလိုနေသူတွေကို ငွေကျပ် (၅.၁၂) ဘီလီယံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၄၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရသူတွေ၊ အသက်ဆုံးရှုံးသူတွေရဲ့ မိသားစုဝင်တွေ၊ အကူအညီလိုနေတဲ့ မသန်စွမ်းတွေ၊ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ၊ သဘာဝဘေးဒဏ်ခံရသူတွေ ကိုထောက်ပံ့ကူညီပေးခဲ့တာလို့ ဆိုပါတယ်။

တစ်လကို ပျှမ်းမျှ စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲလောက်ကို ထောက်ပံ့ခဲ့ပြီး တစ်နှစ်အတွင်း လူဦးရေ လေးသန်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုများနေတဲ့ ဒေသတွေမှာလည်း လေကြောင်းနဲ့ လက်နက်ကြီးရန်ကို ကာကွယ်ဖို့ ဗုံးခိုကျင်း ၇၃၀ ကို တူးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ မေလမှာ ဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်းအရေးပေါ်ကူညီမှုမှာ ငွေကျပ် ၃၃၇ သန်းကို သုံးစွဲခဲ့တယ်လို့ NUG ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။

ကဏ္ဍအလိုက်ကူညီမှုတွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို မြန်မာငွေကျပ် ၃၄၈၉ သန်း၊ အထွေထွေလူသားချင်းစာနာမှု အကူအညီ ၃၇၁.၂ သန်း၊ သဘာဝဘေးထိခိုက်ခံစားရသူတွေကို ၃၅၇.၇ သန်း၊ ထိခိုက်ကျဆုံးပြည်သူတွေနဲ့ မိသားစုဝင်တွေကို ၄၉၃.၇ သန်း၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ မိသားစုဝင်တွေကို ၂၁၉.၅ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကို ၆၅.၁ သန်း၊ CDM ဝန်ထမ်းတွေကို ၁၁၁.၄ သန်းနဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာအတွက် ကြိုတင်စီမံဖို့ ၁၀.၄ သန်း သုံးစွဲခဲ့တယ်လို့ နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။