စစ်အာဏာသိမ်းမှုအဆုံးသတ်မယ့် ထိုးစစ်ဆင်နွှဲမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော
2025.03.13

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးနဲ့လက်တွဲကာ အထွေထွေထိုးစစ်တစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာ ဆင်နွှဲပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောလိုက်ပါတယ်။
မတ်လ ၈ ရက်က ကျင်းပခဲ့တဲ့ အပတ်စဉ် ၁ တပ်မှူးသင်တန်းဆင်းပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
တော်လှန်ရေးအစောပိုင်းကာလမှာ တစ်ဖက်ကတည်ဆောက်သလို တစ်ဖက်က တစ်နိုင်ငံလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေအတွက် ပထမအဆင့်ကြိုးပမ်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒုတိယအဆင့်အနေနဲ့ အင်အားစုစည်းတာ၊ မဟာဗျူဟာထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံယူနိုင်ခဲ့တယ်လို့လည်း ထည့်သွင်းပြောထားပါတယ်။
လက်နက်ကိုင် နွေဦးတော်လှန်ရေးအင်အားစုအားလုံးကို အလံတော်တစ်ခုအောက်မှာ စုစည်းပြီး ပြည်သူ့တော်လှန်ရေးတစ်ရပ်ဆင်နွှဲရေးနဲ့ စနစ်ပြောင်းရေးကို ဦးတည်တဲ့တော်လှန်ရေးဖြစ်တာကြောင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ လျော်ညီတဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တည်ထောင်ဖို့ ရှေ့ပြေးအမြုတေဖြစ်စေရေးကို ရည်ရွယ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီတပ်မှူးသင်တန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ကျင်းပခဲ့တာဖြစ်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက သင်တန်းသား ၁၁၅ ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ အဓမ္မသိမ်းပိုက်ထားရုံမက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်နေတာကြောင့် စစ်အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး အပြီးတိုင်ဖျက်သိမ်းရေး တစ်နိုင်ငံလုံး ခုခံတော်လှန်ကြဖို့ ဗီဒီယိုမိန့်ခွန်းကတစ်ဆင့် တိုက်တွန်းထားပါတယ်။