စစ်ကောင်စီကို NUG က စစ်ကြေညာ၊ တိုက်ခိုက်မှုတွေဆက်ရှိနေ

တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021.09.07
စစ်ကောင်စီကို NUG က စစ်ကြေညာ၊ တိုက်ခိုက်မှုတွေဆက်ရှိနေ တနင်္သာရီတိုင်းက PDF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
Photo: CJ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေး စတင်ကြေညာတဲ့ ဒီနေ့ စက်တင်ဘာ ၇ ရက် နေ့မှာပဲ မကွေးနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ် (PDF)၊ တိုင်းရင်း သား လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေဆက်ပြီး ဖြစ်ပွားနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီကို စစ်ကြေညာလိုက်တဲ့ ဒီနေ့ စက်တင် ဘာလ ၇ ရက် မနက်ပိုင်းမှာပဲ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်က မကွေးတိုင်း၊ မြို့နယ်လေးခုမှာ ဗုံးခွဲတိုက် ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ နေရာငါးနေရာမှာ တိုက်ခိုက်ခဲ့တာလို့ ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“NUG အစိုးရက ပြည်သူ့တော်လှန်ရေးတိုက်ပွဲခေါ်သံ စပြီးကြေညာတဲ့ ဒီကနေ့ စက်တင်ဘာလ ၇ ရက် မနက်ပိုင်းမှာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က နတ်မောက်၊ မြို့သစ်၊ ရေစကြို၊ တောင်တွင်း ကြီးက စစ်ကောင်စီရဲ့ ဒေါက်တိုင်နေရာငါးခုကို ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း ဗိဿနိုးကာကွယ်ရေးတပ်မတော်က စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို တစ်ဆင့်ချင်း ချေမှုန်းသွားမှာ ဖြစ်ပါတယ်”

တောင်တွင်းကြီးမြို့ ခမရ - ၁၀၃ တပ်ရှေ့မှာရှိတဲ့ လုံခြုံရေးဂိတ်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးဂိတ်၊ ကုလားရှင်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့အိမ်၊ မြို့သစ်မြို့နယ် ညောင်ကုန်းရွာအနီး အမှတ်(၁၇) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို သွယ်တန်းထားတဲ့ 11KV ဓါတ်အားလိုင်း တိုင် နှစ်တိုင်နဲ့ ရေစကြိုမြို့က စည်ပင်ဦးစီးမှူးရဲ့အိမ်တွေကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် ခမရ- ၁၀၃ တပ်ရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ့ စီးပွားရေးဘဏ်ဂိတ်က စစ်သားအစောင့်တွေ ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ကုလားရှင်းရွာ အုပ်ချုပ်ရေးမှူးကတော့ လူမထိဘဲ နေအိမ် အနည်းငယ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းထဲမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၄) နယ်မြေထဲက ပုသိမ် ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်တွေက ရွာတွေမှာ ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ပုလောမြို့နယ် ဒူးရင်းပင်ချောင် ကျေးရွာအုပ်စုနဲ့ ပုသိမ်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ်ထဲက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ ဒေါကလူကွန်ရက်ရဲ့ အတွင်းရေးမှူး ယအဲ့န က RFA ကို ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူအရေအတွက်ကိုတော့ မသိရသေးပါဘူး။ တပ်မဟာ ၄ နယ်မြေက တိုက်ပွဲ တွေနဲ့ ပတ်သက်တဲ့ တိုက်ပွဲအသေးစိတ်အခြေအနေကို သိနိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ အကြောင်းမပြန်ပါဘူး။

ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမောဆိုမြို့နယ်အကြား ဒေါပိုးစီရွာနားမှာ လာပြီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တွေကို ဒေသခံ KNDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့နေ့လယ် ၃ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့လည်း KNDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

"စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို တစ်ဆင့်ချင်း ချေမှုန်းသွားမှာ ဖြစ်ပါတယ်"

ချင်းပြည်နယ်မှာတော့ စက်တင်ဘာလ ၆ ရက် မနေ့က ကန်ပက်လက် CDF ရဲ့ တပ်ရင်းစခန်းတစ်ခုဆီကို စစ်ကောင်စီတပ်တွေဘက်က စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကန်ပက်လက် CDF တပ်ဖွဲ့နဲ့ YDF-Saw ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ CDF အဖွဲ့က ပြောပါတယ်။ အဲဒီတိုက်ပွဲကြောင့် CDF အဖွဲ့က ရှစ်ယောက်နဲ့ YDF- Saw အဖွဲ့က သုံးယောက် ဒဏ် ရာရပြီး စစ်ကောင်စီဘက်ကတော့ အကျဆုံး ၂၀ ထက်မနည်းရှိတယ်လို့ ကန်ပက်လက် CDF ရဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီဘက်က အကျဆုံးကတော့ အနည်းဆုံး ၂၀ နဲ့ ၃၀ ကြားတော့ဖြစ်မယ်။ အနီးအနား ကျောက်ထုတို့ ဘာတို့ဘက်ကနေတော့ သူတို့စစ်ကူတွေလာဖို့ ပြင်ဆင်ထားတာတော့ရှိတယ်။ ဒါပေမဲ့ မနေ့ကတိုက်ပွဲဖြစ်တယ်။ ဒီနေ့ စစ်ကူနဲ့ ထိုးစစ်ပြန်ဆင်ဖို့ ကြိုးစားတဲ့အချိန်မှာ ကျနော်တို့ NUG အမျိုး သားညီညွတ်ရေးအစိုးရဘက်က D-Day ကြေညာလိုက်တဲ့အချိန်မှာတော့ သူတို့ဆက်ပြီးမှ ထိုးလာဦးမလား မထိုးလာတော့ဘူးလား မသိသေးဘူး။ အဲဒီအနီးအနားမှတော့ ပစ်ခတ်သံတွေတော့ ကြားတော့ကြားနေ ရတယ်။ ဒါပေမဲ့ ကျနော်တို့ CDF ထိန်းချုပ်နယ်မြေထဲကတော့ မဝင်လာကြသေးဘူး”

စစ်ကောင်စီဘက်က ထိခိုက်တဲ့အရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ၊ ဖောင်းဆိုင်ရွာအနီး ကိုးကန့်တပ်ဖွဲ့တွေရှိတဲ့နေရာတွေကို စစ်ကောင် စီဘက်က တပ်အင်အားတွေတိုးချဲ့ပြီး ထိုးစစ်ဆင်နေတာကြောင့် မနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဖောင်းဆိုင်ရွာဘက် တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် ရွာခံအမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဖောင်းဆိုင်ရွာဟာ မုံးကိုးမြို့နဲ့ ဆယ်မိုင်ကျော်ကွာဝေးပြီး တရုတ်နယ်စပ်မျဉ်း မှတ်တိုင်- ၁၀၂ အနီးမှာရှိတာပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မြန်မာပြည်က ဖုန်းလိုင်းမမိလို့ တရုတ်ဖုန်းတွေကိုပဲ အသုံးပြုရတဲ့ဒေသဖြစ်ပါတယ်။ လတ်တလော အဲဒီဒေသတွေမှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိနေတယ်လို့ မုံးကိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

monekoe.jpg
(ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် MNDAA နှင့် စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးရသူများကို သြဂုတ် ၂၉ ရက်နေ့က တွေ့ရစဥ်) Photo: Citizen Journalist

ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မုံးကိုးမြို့ပေါ်ကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၇၀၀ နီးပါးရှိနေပြီး ဒီနေ့အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ မနေ့ကနဲ့ ဒီနေ့ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှု တွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ကတော့ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့က စလို့ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထားပြီး အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးက လှည်းနေ၊ လှေအောင်း မြင်းဇောင်းမကျန် ဆန့်ကျင်တော်လှန်ဖို့ ပြောကြားထားပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေး PDF တပ်တွေကလည်း စစ်အာဏာရှင်ကို အမြစ်ပြုတ်တဲ့အထိ တော်လှန် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Aung myint oo
2021-09-08 11:05

မြန်မြန်သာတိုက်ကြပါ အချိန်မဆွဲပါနဲ ငြိမ်းချမ်းရေး‌‌တွေဘာ‌တွေဆွေးနွေးမနေနဲ PDF